ကလေးမြို့ ၊ တာဟန်းရပ်ကွက်လေးခုကို လက်နက်ကြီးကျပြီး လူခြောက်ဦးဒဏ်ရာရ

photo- CJ
စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်လေးခုကို ဇွန်လ၁၂ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့လို့ လူ ၆ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လက်ပန်ချောင်းလမ်းအရှေ့ဘက်အိမ်ကိုလည်းမှန်တယ်။ A B E D လေးရပ်ကွက်ပေါ့။ ရပ်ကွက်လေးခု အတွင်း ကျတယ်။ လူခြောက်ယောက်ဒဏ်ရာရတယ်” လို့ တာဟန်းရပ်ကွက်နေပြည်သူတစ်ဦးက DNA ကို ပြောပါတယ်။
မနေ့ညပိုင်းက တာဟန်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ၊ လက်နက်ငယ်သံတွေပါ ကြားရတယ်လို့ ကလေးမြို့ခံတဦးကလည်း ပြောပါတယ်။
ကလေးမြို့ဟာ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ် ဖြစ်တဲ့ တမူးမြို့နဲ့ ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့နေရာမှာ ရှိပါတယ်။ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ၊ ဒေသခံ PDF တွေရဲ့ လက်နက်ကိုင်တော်လှန်မှုတွေကြောင့် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ နယ်မြေစိုးမိုးမှု အပြည့်အဝ မရတဲ့ ဒေသတခုဖြစ်ပါတယ်။