ကုလသမဂ္ဂက သီရိလင်္ကာကို ဒေါ်လာ ၄၇သန်း ကူညီမယ

 

Photo – AFP

 

သီရိလင်္ကာအစိုးရရဲ့တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးအကြပ်အတည်းရင်ဆိုင်နေရတဲ့  ပြည်သူ ၁ ဒဿမ ၇ သန်းအတွက် ဇွန်လကနေ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၄၇သန်းကျော် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂက ဇွန်လ ၉ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“သီရိလင်္ကာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေကို ထိခိုက်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်၊ အခုမလုပ်ရင် မိသားစုတွေဟာ သူတို့ရဲ့ အခြေခံ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တော့ဘူး” လို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Hanaa Singer-Hamdy က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့မှာပဲ အနည်းဆုံး ဒေသ ၁၀ ခုမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး တချို့မှာ ခြောက်နာရီအထိ ကြာမြင့်ခဲ့တယ်လို့ သီရိလင်္ကာ လျှပ်စစ်ဓာတ်အား ထိန်းညှိရေး ကော်မတီ ဥက္ကဋ္ဌ Janaka Ratnayake က ပြောပါတယ်။

အစိုးရပိုင် သီဟိုဠ်ကျွန်း လျှပ်စစ်ဘုတ်အဖွဲ့ (CEB) မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ ၁၁၀၀ ကျော်ရှိတဲ့အနက် ၉၀၀ ဟာ ဇွန်လ ၈ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၈ ရုံမှာ လည်ပတ်မှုရပ်ဆိုင်းကာ နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှတ်တော်မှာ ဆွေးနွေးမယ့်  ဥပဒေသစ်မှာ သူတို့ရဲ့စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားမယ်လို့ သမ္မတ Gotabaya Rajapaksa ရဲ့ဝန်ခံချက်ရယူပြီးနောက် အင်ဂျင်နီယာတွေဟာ လုပ်ငန်းခွင်ပြန်ဝင်ခဲ့ကြတယ်လို့  သမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

မုတ်သုံမိုးကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု အားကောင်းလာပေမယ့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ လိုအပ်တဲ့ လောင်စာဆီ တင်သွင်းနိုင်တာ မရှိခဲ့ပါဘူး။ အဲဒါကြောင့် အခုနှစ်အစောပိုင်းမှာ ကာလရှည်ကြာ ဓာတ်အားပြတ်တောက်မှုပြဿနာကြောင့် နိုင်ငံကို အကြီးအကျယ်ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။