အကြမ်းဖက်စစ်တပ်က ကန်ရွာအတွင်းအိမ်တွေထဲက ပစ္စည်းတွေစိတ်ကြိုက်ယူနေ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်ထဲက ကန်ရွာမှာ အကြမ်းဖက်စစ်တပ်က စခန်းချပြီး ရွာအတွင်းအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန် ၉ရက် ညနေကစပြီး ကန်ရွာတောင်ပိုင်း ရဲစခန်းနဲ့ကြောချင်းကပ်မှာ စခန်းချထားတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရွာအတွင်းမှာရှိတဲ့ အိမ်တွေဆီကနေ ပစ္စည်းတွေဝင်ယူတာတွေအပြင် ဒေသခံရွာသားတွေ မွေးမြူထားတဲ့ ဝက်၊ကြက်တွေအပြင် သနပ်ခါးပင်တွေပါမကျန် ယူဆောင်သွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
စျေးဆိုင်ဖွင့်ထားတဲ့အိမ်တချို့ဆိုရင် ကားဖင်ထိုးပြီးယူဆောင်သွားတဲ့အထိရှိတယ်လို့ ကြားတယ်လို့ ဆိုပါတယ်။
” ကန်အထက်တန်းကျောင်းအနောက်ဖက်က ဦးတင်ကိုတို့စျေးဆိုင်ကိုတော့ ကားဖင်ထိုးပြီး တော်တော်များတင်ယူသွားကြတယ်ဗျ။ လမ်းမှာတွေ့တဲ့ဆိုင်ကယ်တချို့ကိုယူသွားတယ်” လို့ ကန်ရွာသားတစ်ဦးက ပြောပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က ရွာအတွင်းစခန်းချပြီး လူနေအိမ်တွေဆီကပစ္စည်းတွေကို စိတ်ကြိုက်ဝင်ယူတာတွေကြောင့် ဒေသခံရွာသားတွေဟာ စစ်အုပ်စု ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။