ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အလယ်စုကျေးရွာ နဲ့ သရက်တောကျေးရွာကြားမှာ အပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မိသားစုက သဂြိုလ်ခွင့်မရဘူးလို့ ကျောင်းစုရွာသားတဦးက DNA ကိုပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ် ၂ဦးထဲက တဦးဖြစ်တဲ့ ဗိုလ်ဇီးရိုးဟာ အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကျောင်းစုရွာသားတဦးပါ။
“မနေ့ မနက်က ဗိုလ်ဇီးရိုး အမေနဲ့ အစ်ကိုကို အင်္ဂပူစခန်းက လာခေါ်သွားတယ်။ ညကျမှ ပြန်လွှတ်ပေးလိုက်တယ်။ အစ်ကိုဖြစ်သူကိုတော့ ရိုက်နှက်စစ်ထားပုံရတယ်၊ မျက်နှာမှာ ဒဏ်ရာတွေ၊ ပြီးတော့ အလောင်းတွေကို ပြန်မပေးဘူး လို့လည်းစခန်းက ပြောလိုက်တယ်ကြားတယ် “ လို့ တရွာတည်းနေ သူတဦးက ပြောတာပါ။
DNA အနေနဲ့ မိသားစုကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ဗိုလ်ဇီးရိုးတို့ ၂ ဦးဟာ ဇွန်လ ၈ ရက်နေ့ ညနေက ကွယ်လွန်ခဲ့တာ ဖြစ်ပြီး မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ ၃ ရက်မြောက်တဲ့ ဒီနေ့မှာ သဂြိုလ်ရမှာ ဖြစ်ပါတယ်။