အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကုန်ထုတ်စက်ရုံတစ်ခုမှာ ဇွန် ၉ ရက်နေ့က သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေနတ်သမားတစ်ဦးက လုပ်ဖော်ကိုင်ဖက်တွေကို စတင်ပစ်ခတ်ခဲ့ပြီးနောက် ကားနဲ့ထွက်ပြေးဖို့ ကြိုးစားရင်း ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိတဲ့ သေနတ်သမားဟာ မေရီလန်းပြည်နယ် တပ်ဖွဲ့ဝင်တစ်ဦးနဲ့အပြန်အလှန် ပစ်ခတ်ပြီး ကားပေါ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့အချိန် ဒဏ်ရာရခဲ့တယ်လို့ ဝါရှင်တန် ကောင်တီ ရဲအရာရှိ Douglas Mullendore က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုက်ခိုက်မှုဖြစစ်ပွါးတဲ့ အကြောင်းရင်းတွေကို အသေးစိတ်ကိုတော့ မသိရသေးပဲ သေနတ်သမားနဲ့သေဆုံးသူအားလုံးဟာ မေရီလန်းပြည်နယ်မြောက်ပိုင်း စမစ်စ်ဘက်မြို့ မှာရှိတဲ့ ကိုလံဘီယာ မက်ရှင်းကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဟာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။
အဲဒီကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၀၀ကျော်မှာရှိတဲ့ ဖောက်သည်တွေကို ကွန်ကရစ်ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အမေရိကန်နိုင်ငံအတွင်း အစုလိုက်အပြုံလိုက်သေဆုံးတဲ့ သေနတ် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် တင်းကျပ်တဲ့ဖက်ဒရယ်သေနတ်ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ကြိုးပမ်းမှုအသစ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။