ဂန့်ဂေါ၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား ၄ဦးကို ဖမ်းဆီးထား

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား လေးယောက်ကို ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရွာလယ်ပိုင်းက ကိုမင်းဆက်နိုင်နဲ့ဇနီးဖြစ်သူ မမျိုးမျိုးဝင်း၊ကန်ရွာတောင်ပိုင်းက ဦးလှပို၊ဦးထွန်းအေးတို့ဖြစ်တယ်လို့ ကန်ရွာဒေသခံတွေက DNAကို ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကိုမင်းဆက်နိုင်နဲ့သူရဲ့ဇနီးကို ဆက်သွယ်ရေးနဲ့ပတ်သက်တာကြောင့် ဖမ်းဆီးတာဖြစ်ပြီး ဦးထွန်းအေးကိုတော့ သားဖြစ်သူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင် ဖြစ်တာကြောင့် ဖမ်းဆီးသွားတာဖြစ််လို့ ဒေသခံတွေက ပြောပါတယ်။
ဦးလှပိုကိုတော့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။
“မင်းဆက်နိုင်နဲ့မြို့မလေး(မမျိုးမျိုးဝင်း) တို့က ဖုန်းဆိုင်လေ။ ဖုန်းဆိုင်ကြောင့် ဘာစစ်ချင်တာမှန်းမသိဘူး။ ဦးထွန်းအေးကိုတော့ သူ့သားက PDF ဆိုပြီးဖမ်းတယ်ကြားတယ်” လို့ ကန်ရွာသူတစ်ဦးကဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီအုပ်စု စစ်ကြောင်းဟာ ကျေးရွာကို ဇွန် ၉ရက်မနက်ပိုင်းက ရောက်ရှိလာပြီး ကန်ရွာတောင်တိုက် ၊ ကန်ရွာရဲစခန်းနဲ့ကြောချင်းကပ်မှာရှိတဲ့ ကန်ရွာမူလတန်းကျောင်းမှာ စခန်းချနေခဲ့တာဖြစ်ပါတယ်။
မြင်းဇာဘက်ကနေ ဆင်းလာတဲ့စစ်ကြောင်းကလည်း ဒီကနေ့မနက်မှာ ကန်ရွာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ကျွဲနန်းရွာကိုရောက်ရှိနေပြီလို့သိရပါတယ်။
ဒီစစ်ကြောင်းနှစ်ကြောင်းဟာ ကန်ရွာမှာ ဆုံဖို့သေချာသလောက်ရှိနေပြီလို့ ဒေသခံတွေကခန့်မှန်းထားကြပါတယ်။
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်အတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေး တပ်(PDF) ပူးပေါင်းအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြားတိုက်ပွဲဟာ ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပွားနေတာပါ။
ဇွန် ၈ရက်မနက်ပိုင်းကလည်း ကန်ရွာနဲ့ ၁၀မိုင်ခန့်ကွာဝေးတဲ့ ရဲလှရွာနဲ့ မွေ့လယ်ရွာကြားမှာ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားမှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၁၆ ဦးခန့်သေဆုံးခဲ့ပြီး ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။