ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အိမ် ၅၈၀ ကျော်ရှိပြီ

အကြမ်းဖက်စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့နေအိမ် ၅၈၀ ကျော်ပြီလို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီးနေအိမ်၊ အဆောက်အအုံ အရေအတွက် ၅၈၆ လုံး ထက်မနည်းကို စစ်အုပ်စုက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ချိပ်ပိတ် သိမ်းဆည်းခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး ၁၅၉ လုံးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၁၂၂ လုံး၊ မန္တလေးတိုင်းမှာ ၈၈ လုံး၊ မကွေးတိုင်းမှာ ၄၈ လုံး နဲ့ ဧရာ၀တီတိုင်းမှာ ၄၇ လုံး ထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခြင်းခံခဲ့ရကြောင်း ISP-Myanmar က ထုတ်ပြန်ပါတယ်။
ချိပ်ပိတ်ခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေ အများဆုံး ဖြစ်ပြီး၃၇၃ လုံးထက်မနည်းရှိကာ စုစုပေါင်း အရေအတွက်အားလုံးရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။
NLD ပါတီဝင်တွေနဲ့ ပါတီရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ အဆောက်အအုံ ၆၆ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီးတော့ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။
ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ အကြောင်းအရင်းတွေက CRPH၊ NUG၊ PDF တို့နဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာ အများဆုံးရှိခဲ့ပါတယ်။