ပုသိမ်-သာပေါင်း ကားလမ်း နယ်နိမိတ် မလွှတ်တဲ့အဆောက်အဦ ၁၅၀၀ ကျော် ဖျက်သိမ်းခံရ

သာပေါင်းမြို့အဝင် သဲဖြူကျေးရွာ အုပ်စုကနေ သာပေါင်း မြို့ကမ်းနားလမ်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အထိ အရှည် ၁၇ မိုင်ကျော်အတွင်းက ကားလမ်းမကြီး ဘေးနှစ်ဘက်ရှိ နေအိမ်၊ စျေးဆိုင်၊ အဆောက်အဦ ၁၅၀၀ ကျော်ကို ဇွန်လ ၇ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားလမ်းဘေး နေလာကြတာ နှစ်၂၀ လောက်ရှိနေပြီ ခုမှ လမ်းမြေကျူးကျော်တယ်ဆိုပြီး ဖျက်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ဖျက်သိမ်း ပြောင်းရွေ့ပေးရတဲ့ နေအိမ် ၊ဆိုင်ခန်း ၊အဆောက်အဦ တွေအတွက် နစ်နာ ထောက်ပံ့ကြေး ပေးတာ၊အိမ်လုံးခြင်းဖျက်ဖယ် ခံရသူတွေကို မြေနေရာ ပြန်ပြီးချ ထားပေးတာ မရှိလို့ အခက် ကြုံနေရတယ်လို့လည်း သိရပါတယ်။
DNA ကဆက်သွယ်မေးမြန်းရာမှာ လမ်းနယ်နမိတ်အတွင်း ကျူးကျော်ဝင်ရောက် ဆောက်လုပ်ထားတဲ့ နေအိမ်၊ဆိုင်ခန်း၊ အဆောက်အဦတွေကို ဖျက်သိမ်းပေးဖို့ ၅ လခန့် ကြိုတင်အသိပေးပြီးမှ ဖျက် သိမ်းတာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သာပေါင်းမြို့နယ် အတွင်းရှိ ပုသိမ် -သာပေါင်း ကားလမ်း အကျယ်ဟာ နှစ်ဘက်လမ်း ပုခုံးအပါအဝင် ပေ ၁၅၀ ရှိတယ်လို့ လမ်းတံတားဦးစီးဌာန မှတ်တမ်းအရသိရပါတယ်။
အဲ့ဒီ ကားလမ်းဟာ သဲဖြူ၊ အောင်တပ်၊ ဇီးဖြူကွင်း၊ ရွှေဆန်အိုး၊အိုးဘို၊ကွမ်းခြံကုန်း၊နံနံပင်ကုန်း၊ ကြက်သွန်ကွင်း၊ လှေကြီးတက်၊ ကျေးရွာအုပ်စု ဝင်ရွာတွေအပြင် သာပေါင်း မြို့မရပ်ကွက် တို့အကြားဖြတ်သန်း ဖောက်လုပ်ထားတာပါ။