အစုလိုက်အပြုံလိုက်သေနတ်ပစ်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံမှာ semi semi-automatic ရိုင်ဖယ် ဝယ်ယူနိုင်မယ့်အနိမ့်ဆုံးအသက်အရွယ်ကို ၁၈ နှစ်ကနေ ၂၁ နှစ်ကို တိုးမြှင့်မယ့် ဥပဒေကြမ်းအတွက် အမေရိကန်အောက်လွှတ်တော်က ဇွန်လ ၈ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီက စတင်မိတ်ဆက်ခဲ့တဲ့ “ကလေးငယ်တွေကို အကာအကွယ်ပေးတဲ့အက်ဥပဒေ” လို့ အမည်ပေးထားတဲ့ ဥပဒေကြမ်းအတွက် ဇွန်လ ၈ရက်နေ့က အောက်လွှတ်တော်မှာ ၂၂၈မဲမှာ ၁၉၉ မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။
အဲဒီဥပဒေကြမ်းဟာ ခဲယမ်းမီးကျောက်တွေနဲ့ တခြားသေနတ်ပစ္စည်းတွေကိုလည်း “ခြေရာခံလို့မရတဲ့ သေနတ်အက်ဥပဒေ” အရ တားမြစ်သွားမှာဖြစ်ပြီး အမှတ်စဉ်နံပါတ်မပါတဲ့သေနတ်စည်းမျဉ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အမေရိကန် လွတ်တော်အစည်းအဝေးကျင်းပတဲ့ အဆောက်အအုံရှေ့မှာ သေနတ်ဆန့်ကျင်ရေး လူထုစုဝေးပွဲတစ်ရပ်ကို ဇွန်လ ၈ရက်နေ့က ပြုလုပ်နေချိန် မဲခွဲဆုံးဖြတ်မှုရလဒ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
အောက်လွှတ်တော် မဲခွဲမှုမှာ “တိုးတက်မှုကို ဖော်ဆောင်ပြီး သမိုင်းကို ဖန်တီးနိုင်လိမ့်မယ်” လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီက ချီတက်ပွဲမှာ ပြောပါတယ်။
ဒါပေမယ့် အထက်လွှတ်တော်က စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအစီအစဉ်တွေ ပိုမိုကောင်းမွန်လာစေဖို့၊ ကျောင်းလုံခြုံရေးကို အားကောင်းလာစေဖို့နဲ့ နောက်ခံစစ်ဆေးမှုတိုးမြှင့်ရေးတွေအပေါ် အာရုံစိုက်ဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့် ဒီဥပဒေကြမ်းဟာ ဥပဒေဖြစ်လာဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။