ဂန့်ဂေါ၊ ရဲလှရွာတိုက်ပွဲ အကြမ်းဖက်စစ်အုပ်စု ၁၆ ယောက်သေ

ဒီနေ့မနက် ၇ နာရီခန့်မှာ စတင်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရဲလှရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၆ ယောက်သေပြီး၊ ဒေသခံ PDF တွေဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ရဲလှနဲ့ မွေ့လယ်ကြားမှာ စစ်ခွေ ၁၆ ယောက်ကျတယ်၊ PDF တွေဘက်က အထိအခိုက်မရှိဘူး၊ ယာထဲမှာတွေ့တဲ့ တောင်သူတဦးရဲ့ ကမ်ဘိုဆိုင်ကယ်ကိုတော့ စစ်ခွေးတွေက မီးရှို့သွားတယ်၊ ဒီကောင်တွေဘက်က အထိနာပြီး ခေါ်လာတဲ့ ပျူတွေက၊ နယ်မြေကျွမ်းကျင်တော့ ထွက်ပြေးကုန်တယ်။ စစ်ခွေးနဲ့ရဲတွေကတော့ ဒီည ရေရှင်မရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းထုနေတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီရက်ပိုင်းအတွင်းမှာ ဇွန်လ ၆ ရက်နေ့က စပြီး ဂန့်ဂေါမြို့နယ်ထဲက တောင်ခင်ရန်း၊ နှမ်းခါး၊ မွေ့လယ်နဲ့ ရဲလှရွာတွေဘက်ကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုမှာ ရဲနဲ့ပျူစုစုပေါင်း အင်အား ၁၅၀ ကျော်ပါဝင်ပြီး ဒီနေ့မနက်ပိုင်း ထိတွေတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က အကျအဆုံးများပြီး ပျူစောထီးတွေက ထွက်ပြေးသွားကြတာပါ။
ဒီည အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားတဲ့ ရေရှင်မရွာဟာ ဒီမနက်တိုက်ပွဲဖြစ်ခဲ့တဲ့ မွေ့လယ်ရွာကနေ ၂ မိုင်ခွဲခန့် ကွာဝေးပါတယ်။