နိုင်ငံတခုမှာ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူမှုတွေ လုပ်ပြီးတိုင်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပထမဆုံးလုပ်တဲ့ အလုပ်က သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်အောင်၊ ဒေသတွင်းနိုင်ငံတွေက၊ ကမ္ဘာနိုင်ငံအသီးသီးရဲ့ အစိုးရများက၊ ကုလသမဂ္ဂလို့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက၊ အသိအမှတ်ပြု လက်ခံလာအောင် ကြိုးစားတာပဲ ဖြစ်ပါတယ်။
မြန်မာသမိုင်းကို ပြန်ကြည့်ရင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့အခါမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်း က တိုင်းပြည်ကြီး ပြိုကွဲတော့မှာမို့ အချိန်မီ ထိန်းသိမ်းလိုက်ရတယ်၊ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး ယာယီ အုပ်ချုပ်သွားမယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကို မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်နဲ့ ကျင့်သုံး သွားမယ်လို့ ကြေညာပြီး တရားဝင်မှုကို ရယူသွားခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလမှာ ကွန်မြူနစ် ဆန့်ကျင်ရေး ရပ်တည် ချက်ရှိတဲ့ ဗိုလ်နေဝင်းကို အနောက်အုပ်စုက ဆန့်ကျင်ခြင်း သိပ်မရှိခဲ့တာ၊ ဖက်ဒရယ်စနစ်ကြောင့် တိုင်းပြည် ပြိုကွဲတော့မယ် ဆိုတဲ့ “ဂျင်း” ကို ယုံကြည်သူတွေ ရှိနေတာ၊ လက်ရှိ ဖဆပလရဲ့ အကွဲအပြဲတွေ အပေါ် စိတ်ကုန်နေ တဲ့သူတွေ ရှိနေတာ၊ အဲ့ဒီခေတ်က ခေတ်စားတဲ့ ဆိုရှယ်လစ်စနစ်နဲ့ ဆွဲဆောင်ထားတာကြောင့် ဗိုလ်နေဝင်းရဲ့ အာ ဏာသိမ်းမှုဟာ တရားဝင်မှုကို အခက်အခဲမရှိ ရရှိသွားခဲ့ပြီး တိုင်းပြည်ကို ၂၆ နှစ် အုပ်ချုပ်သွားပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တစုက ဗိုလ်နေဝင်း သုံးခဲ့တဲ့ လှည့်ကွက် ကိုပဲ အသုံးပြုခဲ့ပါတယ်။ နဝတ ကို ဖွဲ့စည်း၊ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမယ် လို့ ကတိပေးပြီး၊ နိုင်ငံရေးပါတီတွေ ဖွဲ့ကြပါ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးပါ့မယ် စတဲ့ ကတိတွေနဲ့ လူထုကို လှည့်ဖျားပြီး အာဏာသိမ်းတာကို တရားဝင် အသိအမှတ်ပြုခံရအောင် လုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို တခဲနက် ဆန့်ကျင်ခဲ့တဲ့ လူထုဟာ စစ်အုပ်စုရဲ့ လှည့်ဖျားမှုမှာ ယုံမှားခဲ့ကြပြီး ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေတို့ရဲ့ အုပ်ချုပ်မှုဟာ အလျင်အမြန်ပဲ အသားကျသွားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲပြီးလို့ အာဏာမလွှဲပေးတာ မြင်သိရတဲ့အချိန်မှာ ကုလသမဂ္ဂလို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေဟာ နေရာယူပြီးနေပါပြီ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာတဲ့ ၁၉၉၀ ဒီဇင်ဘာလမှာ နဝတ ဟာ လုံး၀အခြေကျနေတဲ့ အဆင့်ကို ရောက်နေပါပြီ။ နဝတ စစ်အစိုးရကို ပြည်တွင်း ပြည်ပက ကန့်ကွက်ကြချိန်မှာ စစ်အုပ်စုက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားညီလာခံ ကျင်းပပြပြီး နိုင်ငံတကာရဲ့ ဖိအားကို လမ်းကြောင်းလွှဲ၊ ပြည်တွင်းက အင်အားစုတွေနဲ့ စုစည်းမှုကို ဖြိုခွဲခဲ့ပါတယ်။ ဒီနည်းနဲ့ တရားဝင်မှုကို တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်ကြာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုမှာလည်း တရားဝင်မှု ရအောင် မင်းအောင်လှိုင်ဟာ နေဝင်း၊ စောမောင်၊ သန်းရွှေတို့ သုံးခဲ့တဲ့ နည်းလမ်းအတိုင်းပဲ သုံးပြန်ပါတယ်။ တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာခိုင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ကာချုပ်က တာဝန်ယူရတယ် ဆိုတဲ့ အခင်းအကျင်းကို ဖန်တီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်လုပ်ပေးမယ်လို့ ကြေညာပါတယ်။ သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အတွက်အချက် အလွဲကြီး လွဲခဲ့ပါတော့တယ်။ လူထုဟာ သမိုင်းကပေးတဲ့ သင်ခန်းစာတွေအရ အာဏာသိမ်း စစ်ခေါင်းဆောင်က ပေးတဲ့ ကတိတွေကို ယုံကြည်မှု လုံး၀ မရှိတော့ပါဘူး။
ပထမဆုံး စစ်အုပ်စု တွေ့ကြုံလိုက်ရတာက CDM လုပ်ရှားမှုကြီးကြောင့် အုပ်ချုပ်ရေး ယန္တယားရပ်တန့်သွားတာ၊ အာဏာသိမ်းတဲ့လုပ်ရပ် တစ်နှစ်ကျော်ရှိလာပေမယ့် ယနေ့အထိ ပုံမှန်လည်ပတ်နိုင်တဲ့ အဆင့်ကို မရောက်နိုင်တာ၊ ဆန့်ကျင်တွန်းလှန်မှုတွေက ယခင်ကလို နယ်စပ်ဒေသတွေမှာပဲ မဟုတ်ဘဲ စစ်ကိုင်း၊ မကွေး၊ မန္တလေးလို ဗဟိုချက်ဒေသတွေမှာပါ ပြင်းပြင်းထန်ထန် ဖြစ်လာတာ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံတဲ့ CRPH ဟာ အာဏာသိမ်းဖို့ ကြိုးစားပြီး ၄ ရက် အကြာ၊ NUG ဟာ ၂လခွဲအကြာမှာ ပေါ်ပေါက်လာခဲ့ပြီး၊ အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှု ရရှိရေး ကြိုးပမ်းမှုတွေကို ကောင်းစွာ ဟန့်တားနိုင်ခဲ့ပါတယ်။ CDM လုပ်ရှားမှုကြီးမှာ ပါဝင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကြောင့် ကုလသမဂ္ဂမှာ ပြည်သူ့အသံ လွှမ်းမိုးနိုင်ခဲ့ပါတယ်။
နောက်ထပ် အရေးပါတဲ့ အချက်က ၁၉၆၂၊ ၁၉၈၈ ခုနှစ်များနဲ့ မတူဘဲ ယနေ့ခေတ်ကာလမှာ ပြည်ပနိုင်ငံများမှာ အခြေတကျ ဖြစ်နေကြတဲ့ ပြည်ပရောက် မြန်မာများ အစုအဖွဲ့တွေရဲ့ ကူညီမှုများပဲ ဖြစ်ပါတယ်။ သူတို့ရောက်နေတဲ့ နိုင်ငံအသီးသီးက အစိုးရတွေကို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေများကို သိအောင်၊ စစ်အုပ်စုကို လက်မခံအောင် တွန်းအားပေးမှုတွေက အထူးထိရောက်ပါတယ်။ စစ်အုပ်စုကို တရားဝင်မှု မရစေတဲ့ နောက်ထပ် အရေးပါတဲ့ အချက်က ဒီ စစ်အုပ်စုရဲ့ ပင်ကိုယ် အမူအကျင့်ပဲ ဖြစ်ပါတယ်။ အရာရာကို အင်အားနဲ့ ဖြေရှင်းချင်တဲ့ အကျင့်၊ လှည့်ဖျားချင်တဲ့ အကျင့်၊ ဆန့်ကျင်သူတွေကို ဖြတ်လေးဖြတ် စနစ်နဲ့ ခြေမှုန်းတဲ့ အကျင့်တွေဟာ ဒီနေ့ IT ထွန်းကားတဲ့ ခေတ်မှာ ဖုံးမရ၊ ဖိမရ ဘူးပေါ်သလို ပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုကို အသိအမှတ်မပြုတာ၊ ရပ်တည်လို့ မရအောင် ပိတ်ပင်တားဆီးမှုတွေ တစတစ တိုးလာနေသလို အမျိုးသားညီညွတ်ရေးအစိုးရကို နည်းလမ်း အမျိုးမျိုးနဲ့ အသိအမှတ်ပြုမှုတွေကလည်း ပိုမိုသိသာ ထင်ရှားလာပါတယ်။ ယခု ပြင်သစ်အစိုးရက စစ်အုပ်စုကို ‘တရားမဝင်သည့်စစ်အစိုးရ’ (illegitimate military regime) လို့ သုံးနှုန်းလိုက်တာက မင်းအောင်လှိုင် စစ်အုပ်စုရဲ့ တရားဝင်ရေး ကြိုးပမ်းမှု ရှုံးနိမ့်သွားပြီ ဆိုတာကို ပြသလိုက်တဲ့ သက်သေတခုပဲ ဖြစ်ပါတယ်။ ဒီ့အပြင် စစ်အုပ်စုကို ကိုယ်ကျိုးစီးပွားအတွက် ဆက်ဆံချင်တဲ့ နိုင်ငံတွေအတွက်လည်း သတိပေးချက်တခု ဖြစ်သလို စစ်အုပ်စုကို ဆန့်ကျင် ကန့်ကွက်ဖို့ မရဲတရဲ ဖြစ်နေတဲ့ နိုင်ငံတွေ၊ အစိုးရတွေကိုလည်း ရဲရဲဝံဝံ လုပ်ကြဖို့ အချက်ပြချက်တခုလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး ရှုံးနိမ့်နေပေမယ့် စစ်အုပ်စုဟာ သူ့ရဲ့ တရားဝင်မှု ရရှိအောင် ဆက်ကြိုးစားနေမှာကတော့ ယုံမှားသံသယ ရှိစရာ မလိုပါဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါင်းစဉ်တပ်ပြီး စစ်တပ်ဆန့်ကျင်ရေး အစုအဖွဲ့များကို သပ်လျှိုဖြိုခွဲတဲ့ အလုပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် နေဝင်း၊ စောမောင်၊ သန်းရွှေတို့ အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ဒီ ဖော်မြူလာအတိုင်း မင်းအောင်လှိုင်ကလည်း ကြိုးစားလျက်ဆိုတာ သိထားဖို့ လိုပါမယ်။ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတဲ့ လှည့်ကွက်ကိုလည်း မင်းအောင်လှိုင်က လက်လွှတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်း ပြည်ပ အင်အားစုများအနေနဲ့ CRPH, NUG, NUCC နိုင်ငံရေးရပ်ဝန်းကို ပိုမိုအင်အားကောင်းအောင် ဝန်းရံဖို့လိုပါတယ်။ ဒါမှသာ စစ်အုပ်စုရဲ့ တရားဝင်မှုရရှိရေး ဆောင်ရွက်မှုများကို ဆုံးခန်းတိုင်အောင် ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။
ထွန်းအောင်ရွှေ