ထီးလင်း၊ စင်းစယ်ရွာက အိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော် စစ်တပ်မီးရှို့ဖျက်ဆီး

PHOTO-YRPA
ကွေးတိုင်း၊ ဂန့်ဂေါကနေ ကျောဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ထီးလင်းမြို့နယ်၊စင်းစယ်ရွာကလူနေအိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။
ဇွန်၆ရက်နေ့က ဂန့်ဂေါကနေ ကျောဘက် ပြန်လည်ထွက်ခွာလာတဲ့ ကား၅၄စီးပါ စစ်တပ်ယာဉ်တန်းဟာ ရေမျက်နီ -ရေပုတ်-စင်းစယ်ကျေးရွာ တွေကိုဖြတ်သန်းထွက်ခွာသွားပြီးနောက် မွန်းလွဲ၂နာရီလောက်မှာ အဲဒီယာဉ်တန်းထဲက စစ်ကား၂စီး နောက်ကြောင်း ပြန်လှည့်လာကာ စင်းစယ်ကျေးရွာထဲ ဝင်ရောက်ခဲ့ပါတယ်။ရွာထဲရောက်လာတဲ့စစ်တပ်ဟာ လူနေအိမ်တွေထဲက စားနပ်ရိက္ခာ ပစ္စည်းတွေရှာဖွေယူဆောင်ခြင်း၊ လူနေအိမ်၊ စပါးကျီနဲ့ လမ်းဘေးတောတွေထဲက လူနေတဲတွေကို လက်နက်ကြီးနဲ့ ထုခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ပြီးပြန်လည်ထွက်ခွာသွားခဲ့ကြောင်း Yaw Regional PDF’s Alliance-YRPA က ဒီကနေ့ထုတ်ပြန်ပါတယ်။
စစ်တပ် ပြန်လည်ထွက်ခွာသွားပြီးနောက် စင်းစယ်ကျေးရွာ ပြည်သူတွေနဲ့အတူ YRPAရဲဘော်တွေက မီးရှို့ဖျက်ဆီးခံ လူနေအိမ်တွေကို မီးငြိမ်းကူခြင်း၊ ပစ္စည်းတွေပြောင်းရွေ့ကူခြင်း၊ မီးငြှိမ်းနေတဲ့ပြည်သူတွေ လုံခြုံရေးအတွက် အကာအကွယ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာအတွက် အနီးအနားရွာတွေက အကူအညီတောင်းခံပေးခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်းသိရပါတယ်။
စင်းစယ်ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုဟာ ဒုတိယအကြိမ် မြောက်ဖြစ်ကြောင်းသိရပါတယ်။
မုံရွာ နမခ ကနေ ပုလဲ-မင်းတိုင်ပင်-ကျော-ရေမျက်နီ -ခေါင်းတုံ လမ်းအတိုင်း လမ်းဘေးရွာတွေကိုမီးရှို့ဖျက်ဆီးကာ ဂန့်ဂေါဘက်တက်သွားတဲ့ စစ်တပ်ယာဉ်တန်းဟာ ဇွန်လ (၆) ရက်နေ့က လာရာလမ်းအတိုင်း ဂန့်ဂေါကနေ ကျော ဘက် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ပုံစာ-စစ်တပ်တပ်ကဝင်ရောက်လုယက်မီးရှို့ပြီးနောက် စင်းစယ်ရွာမြင်ကွင်း