ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် အင်အားဖြည့်နေ

ဇွန်လ ၆ ရက်နေ့၊ ညနေမှာ စစ်သား၊ ရဲ၊ ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ ခန့်ဟာ တောင်ခင်ရန်းရွာ ရဲစခန်းမှာ ညအိပ်ပြီး ဒီနေ့ ၇ ရက်နေ့မှာတော့ တောင်ဘက်နှမ်းခါးရွာကို ချီတက်သွားပြီလို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
ဂန့်ဂေါကထွက်ခွာပြီး မဲရွာအနီး မိုင်းမိခဲ့တဲ့ စစ်ယဥ်တန်းကလည်း ပြန်လည်ဆုတ်ခွာလာပြီး ဂန့်ဂေါမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
“ဂန့်ဂေါကို ကားတွေပြန်ရောက်တာ သေချာတယ်ဗျ။ တောင်ခင်ရန်းရဲစခန်းမှာ ညအိပ်တဲ့ စစ်၊ရဲ၊ပျူတွေလည်း ခုမနက်နှမ်းခါးရောက်ပြီ။ အခြေအနေရှုပ်ထွေးနိုင်တယ်။ ကျနော်တို့ရွာရောက်ဖို့ဆိုရင်တော့ မလွယ်ဘူး။ အရှေ့လမ်းကဆို မြစ်ကိုဖြတ်ရမယ်။ အနောက်လမ်း(ဂန့်ဂေါ-ကလေးလမ်းမကြီး) ဆိုရင်လည်း သူတို့အဖို့မလွယ်ဘူး” လို့ ကန်သာရွာသားတစ်ဦးက ပြောပါတယ်။
နှမ်းခါးရွာနှင့် ဂန့်ဂေါကြားမှာ မွေ့လယ်၊ ကန်၊ ကန်သာ စတဲ့ရွာကြီးတွေ ရှိနေပါတယ် ။ ဂန့်ဂေါရောက်နေတဲ့ စစ်ယဥ်တန်းနှင့် နှမ်းခါးရောက်ရှိနေတဲ့ စစ်သား၊ရဲ၊ပျူ တွေဟာ ချိတ်ဆက်လှုပ်ရှားနေတာလို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
“မော်လိုက်ဖောင်းပြင်ဖက်ကို စစ်သားတွေပို့ဖို့လို့သိထားတယ်။ လုံခြုံရေးယူတာဖြစ်နိုင်တယ်” တပ်နဲ့နီးစပ်တဲ့ ဂန့်ဂေါမြို့ခံတစ်ဦးက ပြောပါတယ်။
နှမ်းခါးဘက်ရှိရွာတွေကို ဖုန်းအဆက်အသွယ်ရဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်းတွေ ပြတ်တောက်သွားပြီဖြစ်ပါတယ်။