အကြမ်းဖက်စစ်တပ်ကြောင့် သထုံမြို့နယ်အတွင်းက ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရ

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၉) ဝီယော်စခန်း နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့စဥ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူ ဒူးသထူးသထုံခရိုင်က ထုတ်ပြန်ပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြောင့် မေ ၁ ရက်နေ့ကနေ ဇွန် ၆ ရက်အထိ ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ဒေသခံတွေရဲ့အရေအတွက်ဟာ များပြားလာခဲ့တာလည်း ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်သူအများစုဟာ နီးစပ်ရာကျေးရွာ၊ မြို့တွေကို ထွက်ပြေးကြပေမယ့် ဆွေမျိုးမရှိသူတွေအတွက်ကတော့ တောတောင်တွေထဲကို ထွက်ပြေးနေရတာပါ။
“တိုက်ပွဲဖြစ်ပြီးကတည်းက စကစဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ဆက်တိုက်ပစ်လာတာ။ ပထမတုန်းက ထုံးဘိုလေး၊ ထုံးဘိုကြီး နှစ်ရွာလောက်ဘဲ စစ်ဘေးရှောင်တဲ့သူရှိတယ်။ ခုနောက်ပိုင်း အခြားရွာတွေပါ ထပ်ပါလာပြီး။ ပြေးနေရတယ”လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
တိုက်ပွဲတွေကြောင့် သထုံမြို့နယ်ထဲက ဝီယော်ကျေးရွာ ၊ သုံးအိမ်စုကျေးရွာ ၊ ထုံးဘိုလေးကျေးရွာ နဲ့ ထုံးဘိုကြီးကျေးရွာတွေက အဓိက စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။
အခုလို မိုးတွင်းကာလမှာ တိမ်းရှောင်နေရတဲ့အတွက်လည်း အစားအသောက်၊မိုးကာ နဲ့ဆေးဝါးတွေ အခက်အခဲဖြစ်နေတယ်လို့လည်း အဲ့ဒီဒေသခံတွေကဆိုပါတယ်။
“အခုက မိုးတွင်းကာလဖြစ်တော့ အခက်အခဲတွေပိုဖြစ်တာပေါ့။တိမ်းရ၊ရှောင်ရတာလည်းမလွယ်သလို မိုးထဲရေထဲဆိုတော့ မိုးကာတွေ၊ဆေးဝါးတွေအများကြီးလိုအပ်တာပေါ့။ဖျားတာ၊နာတာတွေရှိလာရင် သောက်စရာဆေးဝါးတွေလည်းမရှိတော့ အများကြီးဆို၊အများကြီအခက်အခဲတွေဖြစ်နေပါတယ်။”လို့ စစ်ဘေးရှောင်တချို့ရောက်ရှိနေတဲ့ ကျေးရွာက ဒေသခံတစ်ဦးက​ပြောပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား စစ်ရေးအခြေနေ တင်းမာမှုတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်လို့ သိရပါတယ်။