ယူကရိန်းတိုက်ပွဲမှာ သေဆုံးသွားတဲ့ ရုရှားတပ်ဖွဲ့ဝင်မိသားစုတွေကို ရူဘယ် ၅ သန်းပေးဖို့ ပူတင် အမိန့်ထုတ်

Photo – Reuters

ယူကရိန်းနဲ့ ဆီးရီးယားမှာ သေဆုံးသွားတဲ့ ရုရှားအမျိုးသားအစောင့်တပ်သားတွေရဲ့ မိသားစုဝင်တွေကို ရူဘယ် ၅သန်း ပေးဖို့ အမိန့်ကို သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၆ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီအမိန့်ဟာ ရို့ဂ်ဗာဒီယာလို့ လူသိများတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေကို တရားဝင် အသိအမှတ် ပြု‌လိုက်တာဖြစ်ပြီး သူတို့ဟာ ရုရှားရဲ့အထူးစစ်ဆင်ရေးလို့ ပြောတဲ့ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားတွေ ဖြစ်ကြပါတယ်။

သမ္မတပူတင်ကို တိုက်ရိုက်သတင်းပို့ရတဲ့ အဲဒီတပ်ဖွဲ့ဟာ အကြမ်းဖက်ဝါဒနဲ့ စနစ်တကျ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့ ၂၀၁၆ မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ငြိမ်းချမ်းစွာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ နိုင်ငံတွင်းမှာ အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်ကျူးကျော်စစ်အတွင်း ရုရှားစစ်သား၁,၃၅၁ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မတ် ၂၅ ရက်အထိထုတ်ပြန်ထားပေမယ့် နောက်ပိုင်းအသေအပျောက်စာရင်းကို ထုတ်ပြန်တာမရှိဘူးလို့ သိရပါတယ်။ ယူကရိန်းနဲ့အနောက်နိုင်ငံတွေကတော့ ရုရှားစစ်သားသေဆုံးမှုဟာ အခုထက် အဆပေါင်းများစွာ ပိုများနေတယ်လို့ ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ် နဲ့ ဒုတိယမြို့ ခါခိဗ် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့်  ဆုတ်ခွာခဲ့ရပြီး အခုအခါ အရှေ့ပိုင်း ဒွန်ဘက်စ် ဒေသမှာ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။