နေပြည်တော်မှာ လုယက်လူသတ်မှုကြောင့် အသက် ၇၀ အရွယ် လင်မယားနှစ်ဦး သေဆုံး

ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ နေထိုင်ကြတဲ့ ဦးထွန်းမြင့်၊ ဒေါ်ကြည်ဇနီးမောင်နှံကို တူအရင်း တော်စပ်တဲ့ ချိုပုက လုယက်သတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“သိတာက မနက်ငါးနာရီကျော်လောက်၊ ဘေးအိမ်က ပြတင်းပေါက်ဖွင့်ပြီး ကွမ်းတံတွေးထွေးမှ ဖွားကြည်လဲနေတာတွေ့လို့ ကျော်ခွဝင်ရတာ၊ အဲဒီအချိန်မှာ အခြေအနေမဟန်လို့ ချိုပုက ခြံကိုခုန်ကျော်ပြီး ထွက်ပြေးသွားတာ၊ မနက်အစော ၄ နာရီလောက်က အော်သံကြားချိန် ဘေးအိမ်က နှစ်ယောက်က လာခေါ်သေးတယ်၊ ထူးသံမကြားဘူး၊ မီးပါပိတ်ထားလို့ လင်းမှထပ်လာမယ်ဆိုပြီး ပြန်ထွက်လာတာ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဦးခေါင်း ထုနှက်ခံရတဲ့ ဒဏ်ရာ၊ ရင်ဘတ်မှာ ဓါးနဲ့ထိုးသွင်းရာတွေနဲ့ သေဆုံးနေပြီဖြစ်တဲ့ ဦးထွန်းမြင့်က အသက် ၇၀ ရှိပြီဖြစ်ပြီး၊ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ကြည်ကတော့ ဦးခေါင်းပြင်းထန် ဒဏ်ရာတွေနဲ့ လဲကျသတိမေ့နေခဲ့ပြီး ဆေးရုံကို သယ်သွားပေမယ့် ဒီနေ့ညနေ ၃ နာရီကျော်လောက်မှာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် အိမ်မှာ အတူနေထိုင်တဲ့ အသက် ၁၅ နှစ်ခန့်ရှိတဲ့ မြေးဖြစ်သူကတော့ အိပ်ပျော်နေတာ ဖြစ်တဲ့အတွက် ဘေးလွတ်ကင်းခဲ့တယ်လို့ သိရပါတယ်။
လူသတ်သူလို့ သံသယရှိခံရတဲ့ ချိုပုဟာ ဒေါ်ကြည်ရဲ့ တူအရင်းဖြစ်ပြီး၊ အိမ်မှာ မကြာခန ငွေလာချေးလေ့ရှိကာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အဒေါ်ဖြစ်သူ ဒေါ်ကြည်ရဲ့အိမ်မှာလာရောက်တည်းခိုနေတာလို့ ရပ်ကွက်ထဲ နေထိုင်သူတွေက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ငွေအပါအဝင် ရွှေငွေပစ္စည်းတွေ ဘယ်လောက် ပျောက်ဆုံးနေတယ်ဆိုတာတော့ မသိရသေးပါဘူး။
“ကြောက်ဖို့ကောင်းလိုက်တာ၊ တိုင်းပြည်က ပျက်နေပြီ၊ လူတွေက ကျပ်တည်းနေကြပြီ၊ လူစိတ်မရှိကြတော့ဘူး၊ အမျိုးအရင်းကြီးတွေလည်း ငွေကြေးအတွက် ရက်ရက်စက်စက် သတ်နေကြပြီ “ လို့ နေပြည်တော် နေထိုင်သူတဦးက မှတ်ချက်ပေးပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအာဏာကို လုယူအပြီးမှာ နိုင်ငံအတွင်း အလုံးစုံအကျပ်အတည်းကြုံတွေ့နေရပြီး တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အခြေအနေကြောင့် စစ်တပ်ဌာနချုပ်ရှိရာ နေပြည်တော်ဧရိယာအတွင်းမှာပဲ လူသတ်လုယက်မှုတွေ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။