ကနီမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းထိပြီး ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ဟာ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်မှာ ကနီမြို့နယ်၊ အိုင်တောင်ရွာတွေကိုဖြတ်ကာ သပြေတောရွာ၊ နတ်လာပို့ရွာမြောက်ရွာ၊ နတ်လာပို့တောင်ရွာ၊ ဒေါင်းခြံနဲ့ နွားခြံကုန်းရွာတို့ကို ဖြတ်ပြီးနောက် ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာစဉ် မိုင်းထိခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ကနီမြို့နယ်သတင်းက ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အလောင်း ၄ လောင်းထမ်းလာတာတွေ့ရပြီး ဒဏ်ရာရစစ်သား ၃ ဦးကိုလည်း မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးချခဲ့ရာ PDF ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ် ရေယာဉ်အုပ်စုမှာ ရွှေစာရေးဝဲကွေ့မှာ ရပ်နားထားတယ်လို့သိရပါတယ်။