လောင်းလုံးမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်နှင့် ဒလန်လို့ သတ်မှတ်ခံရပြီး ရှင်းလင်းခံရသူ ၂၀ ဦးခန့်အထိရှိလာ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်နဲ့ ဒလန်လို့ သတ်မှတ်ခံရပြီး ရှင်းလင်းခံရသူ ၂၀ ဦးခန့်အထိရှိလာခဲ့ပြီလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းခဲ့ပြီးတဲ့နောက် အာဏာရှင်စနစ်ကို မလိုလားတဲ့တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေသူတွေ၊ပျူးစောထီးအဖွဲ့ဝင်တွေကို ရှင်းလင်းသုတ်သင်လာခဲ့ရာ လောင်းလုံးမြို့နယ်မှာလည်း ရှင်းလင်းသုတ်သင်မှုဟာ အခုလို ၂၀ ဦးခန့်အထိရှိလာခဲ့တာပါ။
“အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ၂၀​လောက်ရှိမယ်။အဲ့ထက်တော့မလျော့လောက်ဘူး။အများစုဖြစ်တာကတော့ ကျေးရွာတွေဘက်မှာပေါ့။တချို့ဆို ပျူစောထီးနေအိမ်တွေဆိုပြီး မီးရှို့လို့ မီးထဲပါပြီးသေတာတောင်ရှိတယ်”လို့ လောင်းလုံးမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာလည်း လောင်းလုံးမြို့နယ်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတင်းပေးတွေ ၊ပျူစောထီးအဖွဲ့ဝင်နဲ့သွေးသောက်အဖွဲ့ဝင်ဆိုသူတွေကိုရှင်းလင်းခဲ့ရာမှာ မေလ ၅ ရက်နေ့ မနက်ပိုင်းက ညောပြင်ကျေးရွာ လှေဆိပ်မှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိပြီး အဲ့ဒီသေဆုံးသူဟာ ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့ဆိုကြပါတယ်။
သေဆုံးသူဟာ ညောပြင်ကျေးရွာသား အသက် ၂၀ အရွယ် ကိုရူးဝါး(ခ)ကိုနိုးဇော်ဦးဖြစ်တယ်လို့ သိရပါတယ်။
“လှေဆိပ်မှာ အလောင်းတွေ့တာ။ သေနတ်ဒဏ်ရာလား ဓါးဒဏ်ရာလားဆိုတာက သေချာမပြောတတ်ဘူး။ သူက ပြည်သူစစ် ပျူစောထီးအဖွဲ့ဝင်လို့တော့ ပြောနေကြတယ်။ ဘယ်ရက်ကတည်းက အသတ်ခံထားရတာလဲတော့ မသိရဘူး။ လှေဆိပ်မှာ တင်နေမှ သိရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ယခင်က ကျောက်နီမောကျေးရွာက ပျူစောထီးအဖွဲ့တွေနဲ့အတူ သွားလာလှုပ်ရှားဖူးသူဖြစ်ပြီး စစ်ဝတ်စုံကို ဝတ်ဆင်ခဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ရက် ည ၈နာရီခန့်ကလည်း လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာမှာ ပြည်သူတွေဆီက ငွေကြေးလိမ်လည်ကောက်ခံတဲ့ ဦးဖေအေးဆိုသူ ပစ်ခတ်ရှင်းလင်းခံခဲ့ရ​ပါတယ်။
ဦးဖေအေးဟာ သူ့နေအိမ်အနီးရှိနေချိန် ဆိုင်ကယ်စီးလာတဲ့အမျိုးသား နှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မေလထဲမှာ လောင်းလုံး၊ဖွားဘုတ်ပြင်ကျေးရွာက ဦးတင်ငွေနဲ့ထွေအုပ်စာရေး ဦးဝေစိုး၊ မေလ ၁၇ ရက်နေ့က ဦးဝေစိုးနဲ့ မေလ ၃၁ က ဦးတင်ငွေတို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက ရှင်းလင်းခဲ့ပါတယ်။