တမူးမြို့နယ် ပညာရေးမှူးရုံး မီးလောင်မှု လက်သည်မပေါ်သေး

Photo- လူမှုကွန်ရက်
ဇွန်လ ၄ ရက်နေ့ ၊ စနေနေ့ညနေ ၃ နာရီဝန်းကျင်မှာ အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့ တမူးမြို့မှာ မြို့နယ်ပညာရေးမှူးရုံး မီးလောင်မှု ဖြစ်ခဲ့ပြီး ဘာကြောင့်မီးလောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။
“မီးလောင်ပြီး သိပ်မကြာဘူး စစ်သားတွေက အနားမြင်သမျှ ရမ်းသမ်းပစ်ကြတာ၊ ထိခိုက်သူ မရှိလို့ တော်သေးတယ်။ မီးကရှို့မီးလို့လည်းကြားတယ် အခုထိတော့ ဘယ်သူလုပ်တယ်ဆိုတာ မသိသေးဘူး“ လို့ ဆိုပါတယ်။
စစ်တပ်ကတော့ မြို့နယ်ပညာရေးမှူးရုံးကို PDF နှစ်ဦးက အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းအတိုင်း ဆိုင်ကယ်နဲ့ ရောက်လာခဲ့ပြီး ဓါတ်ဆီလောင်း မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
DNA က တမူးဒေသခံ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Freedom Rangers-Tamu – FRT ရဲ့ မီဒီယာတာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဘယ်ဖက်လုပ်တယ်၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို သူတို့အနေနဲ့လည်း သေသေချာချာ မသိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ဒေသခံ PDF အဖွဲ့တွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။