YRPAစခန်းတစ်ခုကို စစ်တပ်ဝင်စီး၊ ကြိုတင်စီမံထားတဲ့ မိုင်းတွေပေါက်ကွဲ

PHOTO-YRPA
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (YRPA)၏ တပ်ရင်း (၁) ၊ တပ်ခွဲ (၂)စခန်းထဲ ဝင်ရောက်စီး နင်းတဲ့စစ်တပ်ကို ကြိုတင်စီမံထားတဲ့ မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဇွန်လ (၄)ရက်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့ဘက် ဦးတည်လာတဲ့ စစ်တပ်ယာဉ်တန်းရဲ့ အင်အား (၇၀) ခန့်ပါ ရှေ့ပြေးအဖွဲ့ဟာ တပ်ရင်း (၁) ၊ တပ်ခွဲ (၂) နေရာကို သေနတ်ပစ်ဖောက်ကာ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်သတင်းအရ ပစ္စည်းတွေ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကာ ရဲဘော်တွေအားလုံး ကြိုတင် ရှောင်ရှားနိုင်ခဲ့ကြကြောင်း တပ်ခွဲဝင်ပေါက် ထွက်ပေါက်တွေမှာ မိုင်းထောင်ထားခဲ့ရာ စစ်တပ် ဝင်ရောက်ချိန်မှာ အနည်းဆုံးမိုင်း (၅) လုံးပေါက်ကွဲခဲ့ကြောင်း YRPA ကထုတ်ပြန်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ဆိုပါတယ်။
ဆက်လက်ပြီး ပုလဲ-ဂန့်ဂေါလမ်းမပေါ် က မဲရွာအနီးမှာ တပ်ခွဲ (၂) ရဲဘော်တွေက စစ်တပ် လာရာလမ်းကို ကြိုတင်စောင့်ဆိုင်းကာ ပြောက်ကျားစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ရာစစ်သားသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်းထုတ်ပြန်ပါတယ်။
ကားအစီးရေ၁၀၀လောက်ပါတဲ့ အကြမ်းဖက်တပ်ဟာ ဂန့်ဂေါမြို့ကို ဆက်လက်ဦးတည်နေဆဲဖြစ်ပါတယ်။
စစ်တပ် သွားလာရာလမ်းတလျှောက်ရှိ ကျေးရွာတွေကို မီးရှို့တာတွေပြုလုပ်နေတဲ့အတွက် စစ်ကြောင်းသွားလာရာ လမ်းတလျှောက်ရှိကျေးရွာတွေက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြဖို့နဲ့ စစ်ကြောင်းသွားနေစဉ်အတွင်း အရဲစွန့်ပြီး သွားလာတာမျိုး မလုပ်ဆောင်ကြဖို့ YRPA က သတိပေးထားပါတယ်။