လက်နက်ကြီးကျည်ကျပြီး မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ဘက်မှာရှိတဲ့ လယ်မရွာဘက်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့လည်း အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်နေကြောင်း ဂန့်ဂေါမြို့ခံတဦးက DNA ကို ပြောပါတယ်။
ရွာကလူတွေက တောထဲမှာ ပုန်းနေရတယ်၊ ဖုန်းလိုင်းတွေလည်း အဆက်အသွယ် မရဘူး၊ လက်နက်ကြီးတွေနဲ့ပစ်တော့ မြစ်သာတမံတောင် အက်သွားတယ်သတင်းကြားတယ်လို့ လယ်မရွာမှာ မိသားစုဝင်တွေ ရှိနေတဲ့ ဂန့်ဂေါမြို့ခံက ပြောပါတယ်။ မြစ်သာတမံ အခြေအနေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပြီး လက်တလော အခြေအနေမှာတော့ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ် မရသေးပါဘူး။
မြစ်သာဆည်တမံကို သန်းရွှေစစ်အစိုးရလက်ထက် ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ၊ ၂၀၁၈ ဘဏ္ဍာနှစ်အထိ ပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိပဲ ၊ ယခင်က ၇၇ ဘီလီယံ လျှာထားခဲ့ရာကနေ ၃၀၄ ဘီလီယံအထိ ကုန်ကျနိုင်တာကြောင့် လွှတ်တော်မှာ ကန့်ကွက်ခံခဲ့ရတဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။