စစ်တပ်ပြောတဲ့ သေဒဏ် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလဝေဖန်

ဒီမိုကရေစီရေးလှုပ်ရှားသူ ၂ ဦးကို အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်မယ့်အစီအစဉ်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလအတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric က ပြောကြားလိုက်ပါတယ်။
ဇွန် ၃ ရက်နေ့၊ ကုလရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုဝေဖန်လိုက်ပြီး သေဒဏ်အပြစ်ပေး တာကို ပယ်ဖျက်ဖို့ တောင်းဆိုလိုက်ပါတယ်။
‘သေဒဏ်စီရင်ချက်ချခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂ ယောက်ကို ကွပ်မျက်မယ့် အစီအစဉ်ကို ဆက်လုပ်ဖို့ မြန်မာစစ်တပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် အထူးစိတ်အနှောက်အယှက် ဖြစ်ရပါတယ်’ လို့ သူ ကပြောပါတယ်။
သေဒဏ်စီရင်ခြင်းဟာ ဘဝရှင်သန်ခွင့်ကို လေးစားမှု မရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပယ်ဖျက်ဖို့ လိုလားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း အတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်ထားခြင်းအပေါ် အတည်ပြုလိုက်ကြောင်း စစ်အုပ်စုက မနေ့ကပြောပါတယ်။