ကိုဗစ်ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း ၊ တမူးမြို့ နနဖာလုံဈေးကို ၂ နှစ်နီးပါး ပိတ်ထားရတဲ့ အတွက် မြန်မာ – အိန္ဒိယ ကုန်စည်ကူးသန်းရေးမှာ မှောင်ခိုလမ်းကနေ စစ်သားနဲ့ ရဲကို ပိုက်ဆံပေးပြီး ဖြတ်နေရတယ်လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။
“ဟိုအရင်ကတော့ ကားကြီးဝင်းပေါ့ ၊ အဲဒီမှာ အကုန်အခွန်ဆောင်ကြရတာ။ အခုချိန်မှာတော့ အထမ်းသမားတွေ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ပဲ သွားနေကြရတယ် ။ နယ်စပ်က လမ်းသိတဲ့လူအဖို့တော့ ဘယ်နေရာက ဖြတ်ရမယ်ဆိုတာ သိပြီးသားလေ ၊ လိုင်းကြေးပေးပြီး ဒီလိုပဲ လုပ်စားနေကြရတယ်လို့ ဆိုပါတယ်။
နန်းဖာလုံဈေးက ဆိုင်ရှင်တွေဟာလည်း သူတို့ရဲ့ ပစ္စည်းတွေကို အိမ်ကိုပြန်သယ်ပြီး အဆင်ပြေသလို ရောင်းချနေကြရတယ်လို့ သိရပါတယ်။ “ ဈေးက အခွံပဲရှိတော့တယ်။ ပိတ်ထားတာလည်း ကြာပြီလေ။ လမ်းဘေးပလက်ဖောင်းမှာ ရောင်းရတာပေါ့။ ကုန်စည်စီးဆင်းမှုက ရှိပါတယ်။
မှောင်ခိုအားကိုးနေရတဲ့ အတွက်နှေးသွားတယ်။ ဈေးကြီးတယ်။ သူ့ဘက်ကလည်း မှောင်ခို ၊ ကိုယ့်ဘက်ကလည်း မှောင်ခိုပဲလေ” လို့ နန်းဖာလုံဈေးဆိုင်ရှင် တဦးက မှတ်ချက်ပေးပါတယ်။
အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့ဝန်းကျင်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြားမှာ နေ့စဉ်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သတင်းပေးပါတယ်။
တမူးမြို့ဟာ မြန်မာ၊ အိန္ဒိယ နယ်စပ်လိုင်းပေါ်မှာ ရှိနေပြီး အနီးဆုံးကလေးမြို့ကို ရောက်ဖို့ မိုင်တရာ နီးပါးခရီးရှိပါတယ် ။ အရင်က နယ်မြေအေးချမ်းပြီး နယ်စပ်ကုန်စည်စီးဆင်းမှု အားကောင်းတဲ့အတွက် အရောင်းအဝယ်ဖြစ်ထွန်းတဲ့ ဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် အသက်နဲ့ရင်းပြီး ကုန်စည်ကူးသန်းနေရတယ်လို့ ဒေသခံ ကယ်ရီသမားတဦးကပြောပါတယ်။
“နယ်စပ် နန်းဖာလုံ ဘက်ကိုရော ၊ ကလေးမြို့အထွက်ဘက်ကိုပါ မှောင်ခိုသယ်တဲ့ ကယ်ရီသမားတွေနဲ့ သေရေးရှင်ရေးအရေးပေါ်ကြုံတဲ့ သူတွေလောက်သာ သွားကြတယ်။
နယ်မြေအခြေအနေက လမ်းခရီးမှာ စိတ်မချရဘူးလို့” ဆိုပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာကျတဲ့ တမူးမြို့ နန်းဖာလုံဈေးကို ၂၀၂၀ ဇူလိုင်လကုန်က စတင်ပြီး ပိတ်ထားခဲ့တာ ဖြစ်ပြီး လက်တလောအချိန်အထိလည်း နယ်မြေ အခြေအနေကြောင့် နယ်စပ်ပြန်လည်ဖွင့်လှစ်ဖို့ အခြေအနေ မရှိနိုင်သေးဘူးလို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။