မြင်းမူမှာ ပဒေသာမိုင်းစစ်ဆင်ရေး၄ကြိမ်ဆင်နွှဲ၊စစ်သား၅၀လောက်သေတယ်လို့ပြော

ကြေးနီတွေတင်ဆောင်လာပြီးလုံခြုံရေးလိုက်ပါလာတဲ့ ကား၅၅စီးပါ စစ်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊မြင်းမူ မြို့နယ်အတွင်း ပဒေသာမိုင်းစစ်ဆင်ရေး ၄ကြိမ်ဆောင်ရွက်ခဲ့ရာ စစ်သား၅၀လောက်သေဆုံးခဲ့တယ်လို့သိရ ပါတယ်။
ဇွန်လ၃ရက်နေ့ မနက်၁၁နာရီ၃၅မိနစ်လောက်က မုံရွာ-မန်းကားလမ်းမပေါ်ရှိ မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ ဘိုး မင်းကြီးကင်းရွာကြားမှာ ပဒေသာမိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ်တန်းရဲ့ ၄စီးမြောက်ကားကို ထိမှန်ခဲ့ ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ မိုင်းဆွဲခံရပြီးနောက် မနားတမ်းပြန်လည်ပစ်ခတ်နေတဲ့အတွက် နောက်ထပ် ပဒေသာမိုင်း၃လုံး ထပ်ဆွဲခဲ့ရာ ထိထိမိမိထိမှန်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီနောက် ဘိုးမင်းကြီးကင်းရွာအနောက်ဘက်မှာ ပဒေသာမိုင်း၃လုံး ထပ်ဆွဲခဲ့ရာ ပထမဆုံးယာဉ်တစ်စီးကို ထိထိမိမိထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ယာဉ်တန်း မြင်းမူမြို့နယ်၊အလ္လကပ္ပ ရွာနဲ့ ဝမ်းပြည့်ရွာကြားရောက်လာတဲ့ မနက်၁၁နာရီ၄၅မိနစ် လောက်မှာ ပဒေသာမိုင်း၃လုံး၊တစ်ဖက်ပွင့် ပြောင်း၂လုံးတို့နဲ့ ထပ်မံမိုင်းဆွဲခဲ့ရာ ၃စီးမြောက်ကားကို ထိမှန်ကာ ကားခေတ္တရပ်သွားပြီးနောက် ဆက်လက်မောင်းနှင်သွားကြောင်းသိရပါတယ်။
ဇွန်၃ရက်နေ့ မိုင်းစစ်ဆင်ရေးမှာ စစ်ကား၃စီးကိုထိထိမိမိထိမှန်ခဲ့ပါတယ်။မိုင်းဆွဲခံရအပြီးမှာ စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး။
အဲဒီတိုက်ခိုက်မှုတွေကို Black Eagle Defence Force-MMU ကဦးဆောင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။