အညောင်းမိနေတဲ့ မြန်မာ့အရေး

မေလနောက်ဆုံးအပတ်ကို အရှိန်ပြင်းပြင်းနဲ့ လှုပ်နှိုးလိုက်တာက Kachin Alliance ရဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ Norway Mission ရဲ့စီစဉ်မှုနဲ့ မေလ ၂၅ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ မြန် မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ အလွတ်သဘောဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ အွန်လိုင်းဆွေးနွေးပွဲမဟုတ်ဘဲ နည်းပညာအခုအခံမပါတဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှု။ တက်ရောက်ကြတဲ့ အဖွဲ့တွေက (KIO) အပါအဝင် ကချင်နိုင်ငံရေးအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့ ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကရင်နီ ကိုယ်စားလှယ် တို့ ပါဝင်ကြောင်းသတင်းတွေကဆိုတယ်။အဲဒီတိုင်း ရင်းသား၄ဖွဲ့စလုံးက ပြည်သူနဲ့အတူ စစ်အုပ်စုကို ခုခံတော်လှန်စစ်ဆင်နွှဲနေကြတဲ့ အဖွဲ့တွေချည်း။ပြောရရင် စစ်အုပ်စုကို အမှန်တကယ်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားကို လုံခြုံရေးကောင် စီက အလွတ်သဘောတီးခေါက်ကြည့်တဲ့သဘော။

တိုင်းရင်းသား၄ဖွဲ့စလုံးက တူညီတဲ့အချက်၄ချက်ကိုဆွေးနွေးခဲ့ကြကြောင်းထုတ်ပြန်ချက်အရ လုံခြုံရေးကောင်စီနဲ့ မတွေ့ခင်ကတည်းက ကြိုတင်ညှိနှိုင်းသဘောတူထားတဲ့ပုံ။သူတို့ဆွေးနွေးမှု၄ချက်က စစ်အုပ်စုဝင်ငွေလမ်းကြောင်းအားလုံးကိုဖြတ်တောက်နိုင်ရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ မျက်နှာစုံညီ ဆွေးနွေးဖို့ လိုကြောင်း၊ လိုအပ်နေတဲ့ လူသား ချင်းစာနာမှု အကူအညီ တွေကို အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကနေ သယ်ယူပို့ဆောင် နိုင်ရေး ကူညီဖို့ လိုကြောင်းနဲ့ အာဆီယံနိုင်ငံတွေက ပူးပေါင်းဆွေးနွေးရေးလမ်းစဉ် အကောင်အထည်ဖော်ရေး တိုက်တွန်းနေတာဟာ ငြိမ်းခါနီးတဲ့ မီးတောက်ကို အသက်ပြန်သွင်းတဲ့ ပုံစံမျိုးမဖြစ်ဖို့ အရေးကြီးကြောင်း။

လုံခြုံရေးကောင်စီဘက်က ဘာတွေဆွေးနွေးခဲ့သလဲဆိုတာတော့မသိရ။နိုင်ငံတကာအသိုင်းအဝိုင်း က အဆန်ချောင်နေတဲ့အာဆီယံကိုပုံချကာ အလုပ်မဖြစ်တဲ့အာဆီယံမူ၅ရပ်ကိုပဲ မြန်မာအရေးနိုင်ငံတကာမူအဖြစ် ဆွေးနွေးခဲ့လေသလားတော့မသိ။မေ၂၇ရက်နေ့မှာ မြန်မာ့အရေးလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးဖို့ရှိ လေတော့ တကယ်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားကို စူးစမ်းခြင်းလည်းဖြစ်နိုင် ပါတယ်။တိုင်းရင်းသား၄ဖွဲ့ကတော့ ပြတ်တယ်။ငြိမ်းခါနီးမီးတောက်ကို အသက်ပြန်သွင်းတာမျိုးမဖြစ်ဖို့ အရေး ကြီးတယ်တဲ့။

မေလ ၂၇ ရက်နေ့၊ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကျင်း ပခဲ့ကြတယ်။ကြေညာချက်ထုတ်ပြန်ဖို့ စာကားလုံးအငြင်းပွားမှု ဖြစ်ခဲ့တာကြောင့်ကြေညာချက်ပင် ထုတ်ပြန် နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရတယ်။ဗြိတိန်နိုင်ငံက ရေးသားခဲ့တဲ့ ကြောညာချက်မူကြမ်းပါ စကားလုံးကို တရုတ်က ကန့်ကွက်ခဲ့ပြီး  ညှိနှိုင်းလို့မရတာကြောင့် ကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိတာတဲ့။

ကြေညာချက် မူကြမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဆီယံမူ ၅ ချက်ဆောင်ရွက်ရာမှာ ‘တိုးတက်မှု အနည်းအကျဉ်းသာရှိ’တာကြောင့် အထူးစိုးရိမ်တယ်ဆိုတဲ့ စကားရပ်ကို  တရုတ်ကိုယ်စားလှယ်က ‘နှေးကွေးနေတယ်’ ဆိုတဲ့စကားလုံး ပြင်ဆင်ပေးဖို့ ငြင်းခုံရာကနေ ကြေညာချက်မထုတ်နိုင်တဲ့အထိ ပွဲပျက်တဲ့ အဖြစ်။

ကျနော်တို့မြန်မာပြည်သူတွေအနေနဲ့ကတော့ ‘တိုးတက်မှုအနည်းအကျဉ်းသာရှိ’ ဆိုတာကိုတောင် နားမလည်နိုင်။စစ်အုပ်စုက အာဆီယံမူ၅ချက်နဲ့ပတ်သက်ပြီးဘာတွေဆောင်ရွက်ခဲ့လို့ တိုးတက်မှုအနည်းအ ကျဉ်းရှိရတာပါလဲ။ မူ၅ရပ်က အကြမ်းဖက်မှုချက်ချင်းရပ်လို့ ဆိုခဲ့တဲ့ ၂၀၂၁ဧပြီ၂၄ရက်ကစလို့ စစ်အုပ်စုက တစ်ရက်မနားအကြမ်းဖက်ခဲ့တာ အခုလုံခြုံရေးကောင်စီကမြန်မာ့အရေးဆွေးနွေးတဲ့မေလထဲမှာ ပြည်သူတွေ ရဲ့ အသက်အိုးအိမ်ကို သတ်ဖြတ်မီးရှို့လိုက်တာမှ ရစရာမရှိ။

သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာကရော။အာဆီယံအလှည့်ကျဥက္ကဌဟွန်ဆန်နဲ့ မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်ကိုယ်တိုင်က စစ်အုပ်စုနဲ့တစ်ဖက်သတ်ဆက်ဆံရေး ထူ ထောင်၊ စစ်အုပ်စုငြိုငြင်မခံ၊မသိမသာနဲ့သိသိသာသာ စစ်အုပ်စုကိုတောင် ပရိုမိုးရှင်းလုပ်ရုံတင်မက အာဏာ ရှင်ကိုပြတ် ပြတ်ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေကိုပါ စော်ကားမော်ကား။

အာဆီယံမူ၅ရပ်ရဲ့ လူသားချင်းစာနာမှုအကူအညီတောင် ဒီနေ့ထိတိုင် မရေရာ။စစ်အုပ်စုကနေတစ် ဆင့်  လူသားချင်းစာနာမှုအကူအညီပေးရေးတဲ့။ပြည်သူကိုသတ်၊ရွာတွေကိုလုယက် မီးရှို့ အဲဒီလိုလူသတ် ဓားပြကောင်စစ်အုပ်စုက သူတိုက်ခိုက်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးပြည်သူတွေကို စာနာမှုအကူ အညီပေးလိမ့်မယ်လို့ ဘယ်လို တွေးခေါ်မျှော်မြင်မှုတွေနဲ့ ယုံလိုက်ကြတာပါလိမ့်။နေ့စဉ် စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့ ပြည်သူ့နေအိမ်တွေက မီးခိုးတွေနဲ့ ကောင်းကင်ဟာမှောင်ပိန်းလို့။

အာဏာမသိမ်းခင်က နေရပ်စွန့်ခွာ စစ်ရှောင်ဦးရေ ၃သိန်းဝန်းကျင်ရှိရာကနေ အခုအာဏာသိမ်းပြီး တစ်နှစ်ခွဲ ရှိတဲ့အချိန်မှာ စစ်ရှောင်စုစုပေါင်းတစ်သန်းပြည့်ပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ဆိုတော့ အာ ဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူ ၇သိန်းဝန်းကျင်။အဲဒီ၇သိန်းဝန်းကျင်မှာ စစ်ကိုင်းတိုင်းနဲ့မ ကွေးတိုင်းမြို့နယ်တချို့ က ပြည်သူတွေလို စစ်တပ်ရွာထဲဝင်ရင် ထွက်ပြေး။စစ်တပ်ပြန်ရင် ရွာပြန်ခို။စစ်တပ် က ရွာကိုမီးရှို့ခဲ့တယ်ဆို ရွာနားဝန်းကျင် ဖြစ်သလို တဲထိုးနေ။တချို့က ဘုန်းကြီးကျောင်းတွေမှာ ခိုကပ်နေ ထိုင်ရရှာတဲ့ စစ်ရှောင်ပုံစံမျိုးတွေ အကျုံးဝင်မယ်လို့မထင်။

မေလ၂၈ရက်နေ့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံ Michael Heath ကမြန်မာ့အရေးကို မြန်မြန်ဖြေရှင်းဖို့ အာဆီယံကို ပြောလိုက်တယ်။ အကြမ်းဖက် စစ် အုပ်စု၊ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးအဖြေ ရှာ ဖို့ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းလိုက်ပါတယ်တဲ့။

မြန်မြန်ဖြေရှင်းဖို့ဆိုတာ ဘယ်လိုဖြေရှင်းရမှာလဲ၊ အာဆီယံကိုယ်တိုင်လည်း နားလည်မယ်ပုံမပေါ်။စစ် အုပ်စုက အာဆီယံအထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မပြု။တွေ့ခွင့်မပြုလည်း မင်းအောင် လှိုင်ပေးတွေ့တဲ့လူတွေနဲ့တွေ့ပြီး မြန်မာ့အရေးတိုးတက်မှုတွေရှိတယ်လို့ ဆိုနေတဲ့ အာဆီယံအထူးသံဖြစ်နေ လေတော့ ဘယ်လို မြန်မြန်ဖြေရှင်းကြမှာလဲ။

အမေရိကန်က ဘယ်လိုပဲမြန်မြန်ဖြေရှင်းဖို့ပြောနေပါစေ။အာဆီယံကတော့ မလုပ်မရှုပ်မပြုတ်စတိုင် အေးဆေးပါပဲ။ဒီလထဲမှာ မြန်မာနိုင်ငံထဲ အာဆီယံအထူးသံတမန်လာမယ်။စစ်အုပ်စုအစီအစဉ်နဲ့ လူသားချင်း စာနာမှုအကူအညီပေးရေး ကိစ္စကို မင်းအောင်လှိုင်နဲ့အေးအေးဆေးဆေးဆွေးနွေးမယ်။

ကုလသမဂ္ဂကလည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇင်ကို မြန်မာနိုင်ငံထဲ ဖိတ်ခေါ်တာ မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုအသစ်လို့ ကောက်ချက်ချမယ်။မြန်မာပြည်သူ တွေကတော့ ငရဲအိုးထဲ လိမ့်နေအောင် ဆက်ခံကြဦးပေါ့။

နိုင်ငံတကာဆိုတာ ဘေးကနေ တွဲကူပေးတဲ့အဆင့်ထက် မပိုပါ။ဘဝဆိုတာ ကိုယ့်ဘာသာရုန်းကန်ရ တယ်ဆိုတာမျိုး။ကိုယ့်ဘာသာရုန်းကန်ထကြွ ခြင်းသည်သာ ပဓာနပါလို့ နှိုးဆော်လိုက်ပါရစေလားဗျာ။

ထွန်းလင်း