ဟင်္သာရွာမှာ ပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသခံ ၁၂ဦးအသတ်ခံရပြီး နေအိမ် ၂၀ကျော် မီးရှို့ခံရ

ဓာတ်ပုံ- CJ
စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ၊ ဟင်္သာကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မေလ မေလ ၂၉ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာကာကွယ်ရေးပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသခံ ၁၂ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ Mandalay Free Press( MFP)မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဟင်္သာကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး နေအိမ် ၂၂လုံးကိုပါ မီးရှို့ခဲ့တာပါ။ ဒါ့အပြင် ကျေးရွာကာကွယ်ရေး ရဲဘော်တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး လက်ကိုင်ဖုန်းကို စစ်ဆေးကာ အခြားရဲဘော်တွေကိုပါ လိမ်လည်ခေါ်ယူပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ကောင်လေးတစ်ယောက်ကို အရင်ဖမ်းမိတာတဲ့။ သူ့ကိုစစ်တော့ ဖုန်းတွေထဲက ပုံတွေဘာတွေ တွေ့တယ်တဲ့။ အဲ့တော့ နှိပ်စက်ပြီး ကျန်နေတဲ့ သူတွေကို မင်းတို့ မီးငြိမ်းရ‌အောင် ရွာထဲ ပြန်လာခဲ့တော့၊ ဘယ်သူမှ မရှိတော့ဘူးဆိုပြီး လိမ်ပြီး ဖုန်းဆက်ခေါ်ခိုင်းတာတဲ့။ အဲ့လို ထောင်ဖမ်းပြီး ပစ်သတ်တာတဲ့” လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး MFPက ဖော်ပြပါတယ်။
ဒါ့အပြင် လိန်လှကျေးရွာဒေသခံ ပြည်သူ ၃ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူတွေဟာ ပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။
“ပစ်သတ်သွားတာက ရှစ်ဦးလို့လည်း ပြောနေကြတယ်။ မီးလောင်ပြင်ထဲ တွေ့တဲ့ အလောင်းကတော့ ရှစ်‌လောင်းလို့ ပြောကြတယ်။ လိန်လှကနေ လူသားဒိုင်း ခေါ်သွားတဲ့ သုံးဦးကလည်း ပျောက်နေတယ်။ ရဲဘော်တွေကြီးပဲတော့ မဟုတ်ဘူး။ ရွာခံတွေထဲကလည်း ပါမယ်။ အကုန်လုံးဆို (၁၂)ယောက်လောက်လို့‌ ပြောတယ်။ ပစ်သတ်ပြီး မီးထဲထည့်ရှို့ခဲ့တဲ့ ပုံစံပဲ” လို့လည်း အရာတော်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက MFPကို ပြောကြားထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ မေ(၂၆)ရက်ကနေ (၃၁)ရက်အထိ အရာတော်နယ်နဲ့ ဒီပဲယင်းနယ်စပ်၊ အရာတော်မြို့နယ်ထဲက ရွှေတွင်းကုန်း၊ ထန်းတောကုန်း၊ အိုင်းလျှား၊ အုပ်ရှစ်ကြီး၊ စက်ရွာ၊ သစ်ချို၊ လိန်လှနဲ့ ဟင်္သာ စတဲ့ ရွာတွေကို အကြောင်းမဲ့ ဝင်မွှေလုယက် ဓားပြတိုက်ပြီး ပြည်သူ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်မဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် အဲဒီရွာတွေအပြင် အနီးဝန်းကျင်ရွာတွေ ဖြစ်တဲ့ ဥက္ကံ၊ နေရာခင်း၊ ရွာသစ်၊ ကိုင်းရွာ၊ မူးအုန်း၊ သရက်ကံစတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
Credit- MFP