မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တူရကီအာဏာပိုင်တွေ စုံစမ်းမှုစတင်

Photo- RFA
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တူရကီအာဏာပိုင်တွေ ကနဦးစုံစမ်းမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် Myanmar Accountability Project, MAP လူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တူရကီမှာ တရားစွဲဖို့ပြင်နေတဲ့ အမှုအတွက် တူရကီအာဏာပိုင်တွေကစုံစမ်းမှုပြုလုပ်တာလို့ MAPက ထုတ်ပြန်ကြောင်း VOA ကဖော်ပြပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ MAP ကတူရကီ နိုင်ငံ၊ Istanbul မြို့တော် အစိုးရရှေ့နေရုံးကို မတ်လ ၂၉ ရက်က အမှုတင်ခဲ့တာ ဖြစ်ပါတယ်။
တူရကီအစိုးရတာဝန်ရှိသူတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်တပ်ကနေ ထွက်ပြေးလာသူတွေ ပုံမှန်ရှိနေတာကြောင့် စစ်တပ်နဲ့ပတ်သက်တဲ့ အထောက်အထားတွေ ပိုခိုင်မာလာပြီလို့ MAP ပရောဂျက်ရဲ့ ညွန်ကြားရေးမှူး Chris Gunness ကပြောပါတယ်။
စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေဟာ မြန်မာတစ်ဝန်းမှာ ကပ်ရောဂါပျံ့နှံ့သလို ဖြစ်နေပြီလို့ လည်း Chris Gunness က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ကျူးလွန်မှုတွေကို နိုင်ငံအာဏာပိုင်တခုက ပထမဆုံး စုံစမ်းစစ်နေတဲ့အမှုဖြစ်တယ်လို့လည်း MAP ကြေညာချက်မှာ ဖော်ပြပါတယ်။