မြန်မာကလေးငယ် ၈ သန်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေ

မြန်မာနိုင်ငံမှာ ကလေးသူငယ်ပေါင်း ၈ သန်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ Save The Children ကထုတ်ပြန်ပါတယ်။
ဇွန် ၁ ရက်နေ့မှာ Save The Children က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက်ဟာ ၂ နှစ်အတွင်း နှစ်ဆနီးပါးတိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါကြောင့်နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်ရမှုနဲ့ စစ်အုပ်စုကို အာဏာဖီဆန်မှုတွေကြောင့် ကလေးငယ်အများစု ကျောင်းရောက်မလာနိုင်ခဲ့ဘူးလို့ သိရပါတယ်။
ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ ကျောင်းတွေကို တိုက်ခိုက်နေခြင်းကလည်း ကလေးငယ်တွေ ကျောင်းတက်ဖို့အခွင့်အရေး ဆုံးရှုံးနေတဲ့အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ဧပြီကနေ ဒီနေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ကျောင်းပေါင်း ၂၆၀ အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ Save The Children က ပြောပါတယ်။
မြန်မာဒေသတချို့မှာ ကလေး ရာခိုင်နှုန်း ၈၀ လောက် ကျောင်းတက်နိုင်ခြင်းမရှိကြောင်း Save The Children က ဆိုပါတယ်။
ကုလလုံခြုံရေးကောင်စီရော အာဆီယံကပါ မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ Save The Children က တောင်းဆိုထားပါတယ်။