ကျောင်းဖွင့်ရာသီ ကျောင်းသားမိဘတွေရဲ့ အခက်အခဲက ဘာလဲ

ဒီနေ့ မနက်ပိုင်းမှာ ကျောင်းသားမိဘတွေ၊ ခလေးကျောင်းလိုက်ပို့တာကို အများအပြား မြင်နေရတယ်လို့ နေပြည်တော် ဒေသခံတဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဖွင့်တဲ့ ကျောင်းတွေကို မတက်ကြဖို့နဲ့ NUG အစိုးရ အစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်းတွေမှာ အပ်နှံကြဖို့နှိုးဆော်တဲ့ လှုပ်ရှားမှုတွေ ရှိနေပေမယ့် တဖက်မှာ ကျောင်းသားမိဘတွေဘက်က ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ။
နေပြည်တော်က ကျောင်းသားမိဘတဦးကတော့
“ကိုဗစ်ကာလကတည်းက ခလေးတွေက ကျောင်းမတက်ခဲ့ရတာ၊ သူတို့အသက်တွေကလည်း ကြီးလာပြီ။ အိမ်မှာလည်း ဒီအတိုင်း မထားချင်တော့ဘူး။ အဲဒါနဲ့ပဲ ကျောင်းထားလိုက်ရတယ်လို့” ပြောပါတယ်။
ဒါပေမယ့် နေပြည်တော်က မိဘတဦးကတော့ လုံခြုံရေးအတွက် စိုးရိမ်ရတာ ရှိနေတဲ့ကြားကပဲ သူတို့ခလေးကို စစ်တပ်ဖွင့်တဲ့ ကျောင်းမှာ မထားချင်ဘူးလို့ ဆိုပါတယ်။
“ညီမတို့က စစ်ကောင်စီအောက်က ကျောင်းတွေမှာ မထားချင်ဘူး။ အခုတော့ NUG ကဖွင့်တဲ့ကျောင်းမှာ ထားဖို့လုပ်နေတယ်။ အွန်လိုင်းကဆိုတော့ အဆင်ပြေပါ့မလား မသိဘူး “ လို့ သူ့ခလေးကို NUG ကဖွင့်တဲ့ကျောင်းမှာ အပ်နှံဖို့ ပြင်ဆင်နေသူ နေပြည်တော်က ကျောင်းသားမိဘတဦးက ပြောတာပါ။
ဒါပေမယ့် တဖက်က စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတဲ့ အစိုးရကျောင်းတွေရဲ့ ကျောင်းအပ်ရာသီအသစ်မှာ ကျောင်းအုပ်တွေက အဂတိလိုက်စားမှုတွေကို ပေါ်ပေါ်တင်တင် လုပ်လာကြတာ တွေ့ရတယ်လို့ ရန်ကုန်၊ တောင်ဥက္ကလာက ကျောင်းသားမိဘတဦးက ပြောပါတယ်။
အထက ၂ မှာ သမီးကို ကျောင်းသွားအပ်တာ၊ ရှေ့မှာ ကိုဗစ်နဲ့ ကျောင်းတွေပိတ်ထားတော့ ခလေးက ၇ နှစ်ဖြစ်နေပြီ၊ ကျောင်းသွားအပ်တော့ အတန်းက လူပြည့်နေပြီလို့ ပြောတယ်၊ ပြီးတော့ ကျွန်မတို့က နယ်ကပြောင်းလာတာဆိုတော့ နယ်ကျော်အပ်တာ ဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီး ရုံးခန်းကို သွားတွေ့ဖို့ ကျောင်းအပ်လက်ခံတဲ့ ဆရာမက ပြောတယ်။ ပြီးရင် စာအိပ်ထဲပိုက်ဆံထဲ့ပြီး စားပွဲပေါ်မှာ ထားခဲ့ဖို့လည်း လမ်းညွှန်လိုက်တယ်လို့ ကျောင်းအပ်တဲ့နေ့က သူမရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။
စစ်အစိုးရကျောင်းတွေမှာ CDM လုပ်တဲ့ ကျောင်းဆရာ၊ ဆရာမအရည်အတွက် များတဲ့အတွက် ကျောင်းသားများများ လက်ခံဖို့ ခက်ခဲနေတာလို့လည်း သိရပါတယ်။
NUG အစိုးရက ဦးဆောင်ဖွင့်လှစ်တဲ့ အွန်းလိုင်းကျောင်းတခု ဖြစ်တဲ့ KaungForYou Federal Private School မှာတော့ တနာရီအတွင်းမှာ ကျောင်းသားတသိန်းကျော်လာပြီး အပ်နှံတယ်လို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသား တသိန်းကျော်သွားပြီ၊ ကျောင်းသား တသောင်းကို အတော်စစ်ထုတ်ရမှာပါ။ ကျွန်တော်ရင်မောနေရပါတယ် မိဘတို့ရယ်လို့ KaungForYou Federal Private School ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။
စစ်တပ်လက်အောက်ခံကျောင်းတွေမှာ ကိုယ့်သားသမီးကို ကျောင်းမအပ်ချင်ပေမယ့် ဒီလို အွန်လိုင်းသင်ကြားမှုကို အပ်နှံဖို့ရာ တချို့မိဘတွေမှာ နည်းပညာ အခြေခံသိမှု အားနည်းတာ၊ အင်တာနက်အခက်အခဲရှိတာတွေ ကြုံတွေ့နေရတာမျိုးလည်း ရှိပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ လက်လုပ်လက်စားမိဘတွေကျ ခလေးတွေကို ကျောင်းကို့ပို့လိုက်တာ ပိုအဆင်ပြေတယ်။ မိဘတွေလည်း အလုပ်ဖြောင့်ဖြောင့်လုပ်ရမယ်၊ ခလေးလည်း အပြင်မှာ စိတ်မလေဘူး။ အခု အွန်လိုင်းသင်တန်းလိုမျိုးက သူတို့ အိမ်မှာတချိန်လုံးရှိနေပြီး စာသင်ဖို့ ဘေးက လိုအပ်တာလိုက်လုပ်ပေးနေရရင် ကျွန်မတို့ မိဘတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ရန်ကုန်မှာ ဈေးရောင်းနေတဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဒီနှစ် ပညာသင်နှစ်မှာ နိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေရာမှာ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံတဲ့ ကျောင်းသားကျောင်းသူပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိပြီး ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ချင်းပြည်နယ်က အနည်းဆုံး ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။