သထုံ၊ ဝီယော်ဘက်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်နေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဝီယော်ရွာဘက်မှာ ထိတွေ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်သားတွေ သေဆုံးမှုများနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ကစပြီး KNU/KNLA သထုံခရိုင် တပ်မဟာ (၁) တပ်ရင်း (၂) နယ်မြေ၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNUသထုံခရိုင် တပ်မဟာ ၁ နဲ့ သထုံပြည်သူ့ပြောက်ကျားများက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ အချက် ၃၀ ကျော် ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ အထူးသတိပြုကြဖို့ မိတ်ဖက်ရေးရာက ကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။
‘ဒီနေ့မနက်ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာဆိုတော့ ဝီယော်ဘက်ကနေ ကျိုက္ကော်လာတဲ့ အသွားအလာတွေမရှိသလောက်ဖြစ်ကုန်တယ်’ လို့ ကျိုက္ကော်ဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။
စစ်တပ်က ထုံးဘိုလေးနဲ့ ထုံးဘိုကြီးရွာကို လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများက ထုတ်ပြန်ပါတယ်။
ပုံစာ – သထုံပြည်သူ့ပြောက်ကျားတွေ