ကျိုက္ကော်နဲ့ သထုံမြို့အဝင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျိုက္ကော်ဝန်းကျင်နဲ့ သထုံမြို့အဝင် ပေါ်တော်မူဂိတ်တို့မှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး သထုံမြို့နယ်၊ ဝီယော်ရွာဘက်မှာ KNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဝီယော်ဘက်ကနေ ကျိုက္ကော်လာတဲ့သူတွေကို အကြမ်းဖက်စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေး‌နေခြင်းဖြစ်ကြောင်း ကျိုက္ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
‘မနက်ကတည်းက ဝီယော်ဘက် ဒူးရင်းခြံတွေမှာ ဒူးရင်းသီးသွားယူတဲ့သူတွေ
အကုန်ပြန်လှည့်လာရတယ်။ စစ်ခွေးတွေလက်နက်ကြီးနဲ့ ရမ်းပစ်နေတာကိုး။ အပြန်မှာ စစ်တပ်က သေချာရှာတယ်။ ယောကျာ်းလေးတွေဆို သေချာစစ်တယ်။တချို့ကို ဖမ်းထားတယ်’ လို့ သူကပြောပါတယ်။
စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့် တချို့မှာ တောလမ်းကနေ ပြန်လာကြကြောင်း သိရပါတယ်။
ရန်ကုန်ကနေ သထုံဘက်လာတဲ့ သထုံမြို့အဝင်က ပေါ်တော်မူစစ်ဆေးရေးဂိတ်မှာလည်း ဆိုင်ကယ်၊ ကားနဲ့လူတွေကို သေချာစစ်ဆေးနေတယ်လို့ သထုံမြို့၊ မင်းလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
‘ဝီယော်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ဆက်စပ်ပြီး စစ်ဆေးနေတာပါ။ စစ်ဆေးတာက PDF တွေဝင်လာမလားဆိုပြီးစစ်တာရော တချို့ကို မသင်္ကာလို့ ဖမ်းထားသလိုနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်တာရောပါပဲ’ လို့ သူကပြောပါတယ်။
ဒီနေ့မနက်ကစပြီး KNU/KNLA သထုံခရိုင် တပ်မဟာ (၁) တပ်ရင်း (၂) နယ်မြေ၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းမှာထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ နဲ့ သထုံပြည်သူ့ပြောက်ကျားများက ထုတ်ပြန်ပါတယ်။