ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေ အသွားအလာမပျက်

ဒီကနေ့ ရန်ကုန်မြို့တွင်း ပြည်သူတွေရဲ့ သွားလာမှုအခြေအနေဟာ ပုံမှန်အတိုင်းအပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။
မေလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့တွင်း၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအနီး၊ အနော်ရထာလမ်းပေါ်က ဘားလမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုကြောင့် ကားစောင့်နေတဲ့ ပြည်သူ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဒီကနေ့ရန်ကုန်မြို့တွင်း အခြေအနေကို တက္ကစီယာဉ်မောင်းတစ်ဦးက အဲဒီလိုပြောပါတယ်။
‘ဒီနေ့ရန်ကုန်မြို့တွင်းလူသွားလူလာကတော့ အရင်အတိုင်ပါပဲ။ပုံမှန်အတိုင်း ပဲသွားလာနေကြတယ်။ ကားဂိတ်တွေမှာလည်း ကားတွေစောင့်နေကြတာပဲ’ လို့ သူကပြောပါတယ်။
ဒီကနေ့ ၁၀ နာရီကျော်လောက်က ရန်ကုန်မြို့တွင်း၊ ဆူးလေဘုရားဝန်းကျင်၊ သိမ်ကြီးဈေးနားနဲ့ ရွှေတိဂုံဘုရား လမ်းပေါ်ကို ရောက်ရှိခဲ့ရာ လူရောကားတွေပါ အသွားအလာမပျက်ဘူးလို့ သူကဆက်ပြောပါတယ်။
ရန်ကုန်မြို့တွင်းကို နေ့စဉ်ရောက်ရှိနေတဲ့ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးကလည်း ကားမှတ်တိုင်တွေမှာ သတိထား ရပ်တာမျိုးတွေရှိပေမဲ့ လူလျော့ပါးသွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
‘မသွားလို့မရဘူး ။ဗုံးကွဲလို့ဆိုပြီး လိုင်းကားတိုးမစီးလို့လည်းမရတော့ ကားမှတ်တိုင်မှာ ကားစောင့်ရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း မှတ်တိုင်မှာ တောင်ကြည့်မြောက်ကြည့်နဲ့ သတိထားနေတော့ သူများတွေလည်း အဲဒီလိုပဲလို့ ထင်တယ်’ လို့သူကပြောပါတယ်။
ဘားလမ်းဗုံးပေါက်ကွဲမှာ အကြမ်းဖက်စစ်တပ်လက်ချက်သာဖြစ်တယ်လို့ ပြည်သူအများက ယုံကြည်ကြကြောင်းလည်း သူက ဆက်ပြောပါတယ်။
– ပုံအဟောင်းကို အသုံးပြုထားခြင်း ဖြစ်ပါသည်။