ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် တစ်လအတွင်း လူ ၂၀၀ နီးပါး သေဆုံး

Photo – CNN

ဟေတီမြို့တော်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး တစ်လအတွင်း လူ ၂၀၀ နီးပါးသေဆုံးကာ ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

လက်နက်ကိုင်ပြိုင်ဘက်ဂိုဏ်းတွေဟာ ပို့တ်အော်ပရင့်စ်မြို့မှာ ဧပြီလနှောင်းပိုင်းကစပြီး နယ်မြေသိမ်းပိုက်မှု စတင်လုပ်ဆောင်ခဲ့တာပါ။ နေအိမ်တွေ စွန့်ခွာဖို့နဲ့ ယာယီနေရာထိုင်ခင်းတွေမှာ ခိုလှုံနေထိုင်ဖို့ ကလေးငယ် တွေအပါအဝင် လူပေါင်း ၁၆,၈၀၀ ကျော် အတင်းအကြပ် ဖိအားပေးခံခဲ့ရပါတယ်။

ဆူပူအကြမ်းဖက်မှုတွေဟာ ရပ်ကွက်အတော်များများကို  ပျံ့နှံ့ခဲ့ပြီး ရာနဲ့ချီတဲ့ မိသားစုတွေဟာ ပစ်ခတ်မှုအတွင်း အဖမ်းခံခဲ့ရပါတယ်။

ဧပြီလ ၂၄ ရက်ကနေ မေလ ၂၆ ရက်အထိ သေဆုံးသူ ၁၈၈ ဦးအနက် ၉၂ ဦးဟာ ဂိုဏ်းဝင်တွေ မဟုတ်ဘူးလို့ သိရပါတယ်။ နောက်ထပ် လူ ၁၁၃ ဦးမှာ ဒဏ်ရာရကာ ၁၂ ဦး ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံရသူ ၄၉ ဦးရှိတယ်လို့ OCHA က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ခရိုင်တွေကို ဝင်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ ရုံးက သတိပေးထားပါတယ်။တစ်ချိန်တည်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဟေတီမှာ ကုလသမဂ္ဂရဲ့ ကာလရှည်ကြာအနာဂတ်ကို အချေအတင် ဆွေးနွေးဖို့ ပြင်ဆင်နေပြီး အဲဒါဟာ တိုင်းပြည်ရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။