ဘားလမ်းမှာ ဗုံးခွဲခဲ့တာ ဘယ်သူလဲ

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အကြမ်းဖက်လုပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေအ ပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ NUGအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
မေလ၃၁ရက်နေ့ ညနေ ၃နာရီခွဲလောက်က ရန်ကုန်မြို့တွင်း ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် အဲဒီလို ရေးသားခဲ့တာပါ။
ရန်ကုန်မြို့ ဘားလမ်းကားမှတ်တိုင်အပါအဝင်တချို့မြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိကြောင်း ကြားသိရတဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ လည်းသူကပြောပါတယ်။
မေလ၃၁ရက်နေ့၊ ရန်ကုန်မြို့တွင်း၊ကျောက်တံတားမြို့နယ်၊၃၅လမ်းအနီး၊အနော်ရထာလမ်းပေါ်က ဘားလမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုကြောင့် ကားစောင့်နေတဲ့ ပြည်သူ တစ်ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ပါတယ်။
‘ပြည်သူတွေကို လျှောက်ဒုက္ခပေးနေတာဗျာ။ဒီလို လူတွေ ထိခိုက်အောင်လုပ်တာ၊လူတွေကိုသတ်နေဖမ်းနေ တဲ့ စစ်ခွေးတွေလက်ချက်ဆိုတာ ထမင်းစားတဲ့သူတိုင်းသိတယ်’လို့ ရန်ကုန်မြို့တွင်း၊လသာမြို့နယ်နေ ပြည်သူ တစ်ဦးကပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာဟာ ဇွန်လအတွင်း မြန်မာနိုင်ငံကို လာ ရောက်ဖို့ရှိတာမို့ အကြမ်းဖက်စစ်အုပ်စုကပြည်သူကို လုပ်ကြံသတ်ဖြတ်ကာ တော်လှန်ရေးအင်အားစုတွေ ကို လက်ညှိုးထိုးဖို့ ဘားလမ်းမှာ ဗုံးခွဲခြင်းဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ကောက်ချက်ချပါတယ်။
‘နိုလင်းဟေဇာမလာခင် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး အကြမ်းဖက်သမားတွေက ပြည်သူတွေကိုတောင် အခုလိုတိုက်ခိုက်နေပါပြီလို့ ငိုသံကြီးနဲ့ ပြောပြပါလိမ့်မယ်’လို့ သူကဆိုပါတယ်။
တော်လှန်ရေးခရီးတစ်လျှောက် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးကို ရန်ကုန်မြို့ပြပြောက်ကျား တပ် ဖွဲ့တွေ တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလို့လည်းသူ ကဆက်ပြောပါတယ်။
ဘားလမ်း ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူကိုဘယ်တော့မှ ထိခိုက်နစ်နာအောင်မလုပ်ခဲ့ဘူးဆိုတာ လူတိုင်း သိတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောပါတယ်။ ​
‘ အပြစ်မဲ့ ပြည်သူတွေကို ​ခေါင်း​တည့်တည့်ချိန်ပြီးပစ်ခဲ့တာ ဘယ်သူတွေလဲ၊ အပြစ်မဲ့ ရွာသူရွာသားကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာ ဘယ်သူတွေလဲ ပြည်သူတွေက သိပြီးသားပါ။ သေချာတာကတော့ ဘတ်စ်ကားမှတ်တိုင်​ပေါက်ကွဲမှုကိုအကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အဖွဲ့တွေက အကွက်ချစီစဉ်ခဲ့တာပါ’ လို့ သူကဆိုပါတယ်။
အဲဒီဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုတ်ချခဲ့ကာ အခု လိုလုပ်ရပ်တွေကို တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသွား မယ်လို့ မနေ့က ထုတ်ပြန်ကြေ ညာပါတယ်။