မိုးဗြဲအင်း လွယ်ပန်းစုံကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် (ကရင်နီ) နယ်စပ်အကြား မိုးဗြဲအင်းအနီးမှာရှိတဲ့ လွယ်ပန်းစုံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၉ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်မှာ စစ်အုပ်စုရဲ့ ဖယ်ခုံမြို့ အခြေစိုက် စကခ ၇ လက်အောက်ခံတပ်က ၁၂၀မမ လက်နက်ကြီးတွေနဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စု ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေဟာ လွယ်ပန်းစုံကျေးရွာအနီးကို ကျရောက်ပြီး ဒေသခံတွေ လုပ်ကိုင်နေတဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၆ ရက်နေ့က စတင်ပြီး ဖယ်ခုံမြို့အနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး မေလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းတစ်ခုနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကာ ဒေသခံတွေ ထောင်နဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။