ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ အိမ်နှစ်လုံးပေါ်ကို အကြမ်းဖက်စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၂၈ ရက် ည ၇ နာရီကျော်မှာ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်လမ်းကြား၊ Agape ဆေးရုံအနောက်ဘက်ရှိ လူနေအိမ်ကို လက်နက်ကြီးထိမှန်ခဲ့ရာ ပြည်သူနှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူနှစ်ဦး မှာ ချင်းတွင်းမြစ်ဘေးရှိ မင်းကင်းနယ်ကနေ ကလေးမြို့ ပေါ်ကို စစ်ရှောင်လာတဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်လက်နက်ကြီးကျည်တစ်လုံးဟာ တာဟန်း B ရပ်ကွက် လူနေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦး နံရိုးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အခုလိုပစ်ခတ်မှုဟာ မေလအတွင်း ကလေးမြို့တွင်းရှိပြည်သူတွေရဲ့ အိမ်တွေပေါ် အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။
ပထမအကြိမ်ပစ်ခတ်စဉ်က ကလေးမြို့ဘူတာ အနောက်ဘက်ရှိအိမ်တစ်လုံးကိုထိမှန်ကာ အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။