စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နဲ့ အရာတော်မြို့နယ်အကြားမှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို လုယက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရာတော်မြို့နယ် သတင်းမှန်က ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ၂၈ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် ထန်းတပင်ကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေ့လည်ပိုင်းမှာ အရာတော်မြို့နယ် စက်ရွာနဲ့ အုပ်ရှစ်ကြီးကျေးရွာကို ထပ်မံဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က မေလ ၂၇ရက်နေ့မှာလည်း ရွှေတွင်းကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
မေလ တစ်လအတွင်းမှာ အရာတော်မြို့နယ်အတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာပေါင်းဟာ ၄ရွာအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။