ယောဒေသကို လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာ

ယောဒေသကို အကြမ်းဖက်စစ်တပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာတာကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ သတိရှိကြဖို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (YRPA) က သတိပေးလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယောဒေသကို မြေပြင်ထိန်းချုပ်နိုင်မှု အလွန်နည်းပါးတာကြောင့် လေကြောင်း ထိုးစစ်ဆင်တာ ပိုမိုပြုလုပ်လာတာလို့ ဆိုပါတယ်။
မေ ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးဟာ မြစ်သာဆည်ဘောင်တစ် လျှောက်ရှိ ကျေးရွာတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ရာ လတ်တလောသတင်းတွေအရ PDF ရဲဘော်နဲ့ရွာသား ၇ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီနေရာကိုရောက်ရှိနေတဲ့ YRPA ရဲဘော်တချို့ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ပေမဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မိတ်ဖက်အဖွဲ့တွေရဲ့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲကြောင်းနဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုကြောင်း YRPA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။