အဆန်ချောင်နေတဲ့ အာဆီယံနဲ့ မြန်မာ့အရေး လည်တယ်တယ်

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကျင်းပတဲ့ မေ၁၂ရက်နဲ့၁၃ရက်နေ့ ပတ်ဝန်းကျင်ကာလ တွေ မှာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ဟာ ဝါရှင်တန်မြို့တော်မှာ သံတမန်ရေးအောင်ပွဲခံနေ သ လောက် မင်းအောင် လှိုင်တစ်ယောက်ကတော့ နေပြည်တော်ရပ်ဝန်းမှာ သံခြေကျင်းအခတ်ခံထားရ သူတစ် ဦးပမာ တိတ်ဆိတ်လေး လံစွာနဲ့ သံတမန်ရေးဖိအားဒဏ်ကို လိမ့်နေအောင်ခံခဲ့ရတယ်။

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးပြီးလို့ ဂယက်တွေ မငြိမ်သေးတဲ့အချိန်မှာပဲ အမေရိကန် သမ္မတဘိုင်ဒန်ရဲ့ အာရှခရီးစဉ်က နောက်ထပ်ကြီးမားတဲ့ သံတမန်ရေးဖိအားအဖြစ် မင်းအောင်လှိုင်ရဲ့ရင်ဝဆီ ခပ်နက်နက်ထိုးဆွနေတဲ့ ညှောင့်တစ်ချောင်းအဖြစ် ထပ်ရောက်လာပြန်ပါတယ်။

တောင်ကိုရီးယားရောက်နေတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တောင်ကိုရီးယားသမ္မတသစ် ယွန်းဆွတ်ခ်ရိုးတို့ရဲ့ မေလ၂၁ရက်နေ့၊နှစ်နိုင်ငံပူးတွဲကြေညာချက်။နှစ်နိုင်ငံခေါင်းဆောင်တွေဆွေးနွေးရာမှာ မပါမဖြစ် ကမ္ဘာကျော်ပွကြီးဖြစ်နေတဲ့ မြန်မာ့အရေးဆိုတာလည်း ပါဝင်လာ။နိုင်ငံတကာအနေနဲ့ မြန်မာပြည် သူတွေကိုကူညီဖို့၊မြန်မာစစ်တပ်ကို လက်နက်မရောင်းကြဖို့၊အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်မှုချက် ချင်းရပ်၊နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်၊စာနာမှုအကူအညီ ကန့်သတ်ချုပ်ချယ်မှုမရှိ ပေးခွင့်ပြု၊မြန်မာမြေ ပေါ်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး စတာတွေတောင်းဆိုခဲ့ပါတယ်။

မေလ၂၃ရက်နေ့၊အမေရိကန်သမ္မတ ဘိုင်ဒန် တိုကျိုကိုရောက်ပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ဆွေးနွေးမှုအပြီးထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာလည်း မြန်မာ့အရေး အာဏာသိမ်းမှုကို ရှုတ်ချခြင်းနဲ့အ တူ တောင်းဆိုချက်တွေဆက်လက်ထွက်ပေါ်လာပြန်ပါတယ်။

ပြီးတော့ အမေရိကန်၊ဩစတြေးလျ၊ဂျပန်နဲ့ အိန္ဒိယ Quad အဖွဲ့ဝင် အင်အားကြီး ၄နိုင်ငံခေါင်းဆောင် တို့ရဲ့ အစည်းအဝေး၊ မေ၂၃နဲ့၂၄ရက်နေ့တို့မှာ ကျင်းပခဲ့ပြီးနောက် ပူးတွဲကြေညာချက်။Quad အဖွဲ့ဝင်၄နိုင်ငံရဲ့ မြန်မာ့အရေးတောင်းဆိုချက်ထဲမှာတော့ အမေရိကန်၊တောင်ကိုရီးယား၊ဂျပန်တို့ရဲ့ ပူးတွဲကြေညာချက်ပါ တောင်းဆိုချက်တွေအပြင် မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို မြန်မြန်ဆန်ဆန်ဖော်ဆောင် ဖို့နဲ့ ဒီမိုကရေစီမြန်မြန်ပြန်ဖော်ဆောင်ဖို့ ဆိုတာမျိုးတွေပါလာပါတယ်။

နိုင်ငံတကာရဲ့ အဲဒီလိုတောင်းဆိုမှုတွေက လက်ငင်းထိရောက်တဲ့ သက်ရောက်မှုတွေ ဘာရှိလာသလဲ ဆိုတာ အကောင်အထည်ပြလို့မရပါဘူး။မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုနဲ့ သတ်နေဖြတ်နေ အကြမ်းဖက်နေ တဲ့လုပ်ရပ်ကို နိုင်ငံတကာက လုံးဝလက်မခံဘူးဆိုတာ ထုတ်ဖော်ပြသခြင်းမို့  ရှက်တတ်ရင်လဲသေဖို့ကောင်း တဲ့ ဖိအားမျိုးဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် အလိုလိုနေရင်း သိမ်ငယ်နေရတဲ့ကြားထဲ ဘယ်နိုင်ငံခေါင်း ဆောင်မျက်နှာကိုမှ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိရှိ မျက်နှာချင်းမဆိုင်ရဲတဲ့အထိ သိမ်ငယ်ရတယ်။ပြောရရင် သံတမန်ရေးဖိအားတွေကြောင့် လူတွေမမြင်ရတဲ့ အတွင်းဒဏ် အရှိုးရာတွေက အထပ်ထပ်ရှိနေပါတယ်။

ဉာဏ်ရည်နိမ့်နေသူတွေရဲ့ ထုံးစံအတိုင်း သိမ်ငယ်နေတာတွေကို ဘာကိုမှ ဂရုမစိုက်သလို ဟန် ဆောင်ကာ အစွမ်းကုန် ရက်စက်ပြရတယ်။အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်းဂရုမစိုက် ဘူး၊မြန်မာ့အရေး ကြေညာချက်တွေထုတ်ပြန်တောင်းဆိုနေတာတွေကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့အပေါက် မျိုးနဲ့ ဟောဒီ မေလတစ်လလုံးမှာ ပြည်သူ့အသက်အိုးအိမ်တွေကို ပိုမိုသတ်ဖြတ်မီးရှို့ပြခဲ့တယ်။

ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆုပ်ကိုင်ထားတဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကိုတော့ လုံးဝ လက်မခံနိုင်ဘူးလို့ အပြတ် မပြောရဲပြန်ပါဘူး။ဘာလို့လဲဆိုတော့ အာဆီယံခေါင်းဆောင် တွေအားလုံးရှေ့မှာ မင်းအောင်လှိုင်ကိုယ်တိုင်ခေါင်းညိတ်သဘောတူထားတာကြောင့်ပါပဲ။

တကယ်တော့ အာဆီယံမူ၅ရပ်ထွက်ပေါ်လာတဲ့ ၂၀၂၁ခုနှစ်ဧပြီ ၂၄ရက်နေ့မှာ မင်းအောင်လှိုင်ဟာ အာဆီယံခေါင်းဆောင်တွေကြား ငါလည်း မြန်မာခေါင်းဆောင်တစ်ဦးပဲဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ် ယူစွာသွားရောက်ခဲ့တာပါ။ထိပ်သီးအစည်းအဝေးရောက်ရင် အာဏာသိမ်းတာမဟုတ်ဘဲ အခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေအရ အာဏာခဏဝင်ထိန်းတာပါလို့ အာဆီယံခေါင်းဆောင်တွေ နားဝင်အောင် ရှင်းပြ လိုက်မယ်လို့လည်း စိတ်ကူးယဉ်ခဲ့ပုံပါပဲ။

ထိပ်သီးအစည်းအဝေးရောက်တော့ သိမ်ငယ်စိတ်ကို ဖုံးကွယ်မာန်တင်းကာရောက်လာခဲ့ရသူဖြစ်လို့ အ လိုလိုဝပ်ကျကာ အာဆီယံခေါင်းဆောင်တွေချမှတ်တဲ့ ဘုံသဘောတူညီချက်၅ရပ်အပေါ် ကန့်ကွက်မှုပင်မ လုပ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရခြင်းဖြစ်တယ်။

ဆိုတော့ မင်းအောင်လှိုင်ဟာ အာဆီယံမူ၅ရပ် သက်တမ်းတစ်နှစ်ကျော်တဲ့အထိ မူ၅ရပ်ကိုဘာတစ်ခု မှ လက်တွေ့ဖော်ဆောင်ခြင်းမရှိပေမဲ့ မူ၅ရပ်ကို တရားဝင် ငြင်းပယ်တာမျိုးလည်းမပြောကြားရဲကာ ကိုယ့် နည်း ကိုယ့်ဟန်အာဆီယံမူ၅ရပ်ပုံစံမျိုး ချိုးပြနေခြင်းဖြစ်ပါတယ်။

ကိုယ့်နည်းကိုယ့်ဟန်အာဆီယံမူ၅ရပ်ဆိုတာက ပြည်သူတွေမပါ၊NUGအစိုးရမပါ၊NUCC မပါ၊အာဏာ သိမ်းမှုကို လက်မခံ ငြင်းဆန်တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစု တစ်ခုတလေတောင်မပါဘဲ စစ်အုပ်စုဩ ဇာခံ တွေနဲ့ စစ်တပ်ခေါင်းဆောင်တဲ့ ရွှေရည်စိမ်ဒီမိုကရေစီ တည်ဆောက်ရေးပါပဲ။ပြောရရင် သန်းရွှေ နဲ့သိန်း စိန် မဖော်ဆောင်နိုင်ခဲ့တဲ့ အိပ်မက်ကို မင်းအောင်လှိုင်ထပ်ဖော်ဆောင်ဖို့ ကြိုးစားနေခြင်းပါပဲ။

ဒါ့ကြောင့် အာဆီယံမူ၅ရပ်ရဲ့ အရေးကြီးအချက်ဖြစ်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးနေရာမှာ အာဏာသိမ်းတာကို လက်ခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲပုံစံမျိုး အခုလုပ်နေခြင်းဖြစ်တယ်။

အံ့ဩစရာကောင်းတာက ဒီလို လိမ်လည်မှုတွေကို ထေက်ခံဘေးတီးပေးနေတာ အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဖြစ်နေတာပါ။အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ဝါရှင်တန်ရောက်နေတဲ့ ဟွန်ဆန်ဟာ မေ၁၂ရက်နေ့၊အမေရိကန်ရောက် ကမ္ဘောဒီးယားလူမျိုးတွေနဲ့တွေ့ဆုံပွဲ မှာ အခုလိုပြောခဲ့တယ်၊

‘မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ဥက္ကဋ္ဌကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးရေး အခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောဖို့ မေတ္တာရပ်ခံတယ်။ ဒါကြောင့်မို့ ဒီလုပ်ရပ်ကို ရပ်တန့်သွားဖို့ ဆန့်ကျင် ဆန္ဒပြမယ်ဆိုတဲ့ မြန်မာဆန္ဒပြသူတွေကို ကျနော်ပြောချင်တယ်။ ဒီဟာက ကိုယ့်တိုင်းပြည်ကို ကိုယ် ဖျက်ဆီးနေတာဖြစ်ပြီး အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပဲ ဖြစ်တယ်’လို့ ဟွန်ဆန်ကဆိုတယ်။

ပြောရရင် ဟွန်ဆန်က မင်းအောင်လှိုင်ဖော်ဆောင်နေတဲ့ NUG၊ NUCC နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင် နေကြတဲ့အင်အားစုတွေကိုပယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရေးလမ်းကြောင်း ကို ဟွန်ဆန်က တစ်ဖက်သတ်ထောက်ခံကာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးစိတ်ဆန္ဒကြီးမှုကို စော်ကား လိုက်ခြင်းဖြစ်တယ်။ဟွန်ဆန်ဟာ မြန်မာပြည်သူတွေကို အဲဒီလိုစော်ကားရဲပေမဲ့ နေ့စဉ်မြန်မာပြည်သူတွေရဲ့အ သက်အိုးအိမ်ကို သတ်ဖြတ်မီးရှို့နေတဲ့ စစ်အုပ်စုအပေါ် တစ်ခွန်းတလေတောင် မဝေဖန်ခြင်းဟာ ဟွန်ဆန်ဘာ လဲ ဆိုတာ ပေါ်လွင်စေပါတယ်။

ထပ်ပြောရရင် ဟွန်ဆန်ဟာ အာဆီယံမူ၅ရပ်ကို လက်တွေ့ငြင်းဆန်ပြနေတဲ့ စစ်အုပ်စုအပေါ် တခြား အာ ဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအနေအထားအရ ဝေဖန်သလိုလုပ်ပြပြီး တကယ့်လက်တွေ့မှာ တော့ မင်း အောင်လှိုင်သဘောမတူတာဘာမှမလုပ်ခြင်းနဲ့ မင်းအောင်လှိုင်သွားနေတဲ့လမ်းကြောင်းကို ပံ့ပိုး ထောက်ခံကာ မင်းအောင်လှိုင်သက်ဆိုးရှည်ရေးကို လုပ်ဆောင်နေခဲ့တာပါ။

အာဆီယံအလှည့်ကျဥက္ကဌကိုယ်တိုင်ကိုက မြန်မာ့အရေးအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးဆိုတဲ့အာဆီယံမူကို ချိုးဖောက်ကာ စစ်အုပ်စုနဲ့သာတစ်ဖက်သတ်ဆက်ဆံရေးထူထောင်၊တစ်ဖက်တည်း သောအမြင်ကိုသာလက်ခံအတည်ပြုကာ မြန်မာပြည်သူတွေကိုပါ စော်ကားနေခြင်းဟာ အာဏာရှင်ချင်းဖေး မရမယ်ဆိုတဲ့ ဟွန်ဆန်ရဲ့ အစစ်အမှန်ဆန္ဒပဲဖြစ်ပါတယ်။

လာမယ့်၂၀၂၃ခုနှစ်၊အာဆီယံအလှည့်ကျဥက္ကဌအပြောင်းအလဲ၊ရွေးကောက်ပွဲဇွတ်ကျင်းပခြင်း၊ဒါမှမဟုတ် ဘယ်လိုမှရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့အခြေအနေအရ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးထွက်ပေါက် အဖြစ် အာဏာသိမ်းပါတယ်လို့တရားဝင်ထပ်ကြေညာခြင်းကြောင့် မြန်မာနိုင်ငံရေးပိုမို တင်းမာလာနိုင်တဲ့ အ ခြေအနေမှာ စစ်အုပ်စုအပေါ် အာဆီယံရဲ့ ထပ်တိုးပြစ်ဒဏ် တွေ ထပ်မံချမှတ်ကောင်း ချမှတ်နိုင်ပေမဲ့ တစ်နိုင်ငံ သဘောမတူရင် ဘာဆုံးဖြတ်ချက်မှ ထွက်ပေါ်လာမှာမဟုတ်တဲ့ အဆန်ချောင်နေတဲ့ အာဆီယံဆို တာကိုလည်း ထည့်တွက်ထားရပါမယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံမူ၅ရပ်ဆိုတာ မြန်မာ့အရေးအတွက် အရေးပါတဲ့ဖိအားတစ်ရပ်ဆိုတာ သေချာပေမဲ့ နွေဦးတော်လှန်ရေးကို အဖြေတစ်ခုရောက်တဲ့အထိ ခေါ်ဆောင်သွားနိုင်ခြင်းမရှိပါဘူး။ ကိုယ့် ခြေကိုယ့်လက်နဲ့ ကိုယ့်အားကိုယ်ကိုးခြင်းကသာ နွေဦးတော်လှန်ရေးကိုအောင်ပွဲဆီ အရောက်ပို့ဆောင်ပေးမယ့် ယာဉ်တစ်စီးဖြစ်ပါတယ်။

ထွန်းလင်း