ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းထိပြီး ၅ဦးသေ

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်း ထနောင်းတောမြောက်ရွာကနေ မြို့တွင်းကို စစ်ကြောင်းပြန်ဝင်ဖို့အတွက် ထွက်လာတဲ့ စစ်အုပ်စုရဲ့ ရှေ့ပြေး မိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၂၆ရက်နေ့ မနက် ၁၀နာရီလောက်မှာ စစ်အုပ်စုရဲ့ အင်အား ၁၂ဦးပါ ရှေ့ပြေး မိုင်းရှင်းလင်းရေးအဖွဲ့ကို ရွှေစုံမှန်ကျောင်းတိုက် အနောက်ဘက်လမ်းပိုင်းမှာ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ အောက်ချင်းတွင်း-မုံရွာက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မွန်းတည့် ၁၂နာရီလောက်မှာ မုံရွာမြို့ကနေ စစ်အုပ်စုက စစ်ကူလွှတ်လိုက်ရာ ညောင်ပင်သာ သင်္ချိုင်းအနောက်ဘက်အနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံးသူတွေ ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းထိမှန်ပြီးနောက် စစ်အုပ်စုဟာ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။