စစ်ရှောင်ပြည်သူအားလုံးကို စာနာမှုအကူအညီ စဉ်ဆက်မပြတ် သွားရောက်ပေးအပ်နိုင်ခွင့် လိုအပ်

Photo – မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံး
မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူအားလုံးကို လူသားချင်းစာနာမှု အကူအညီ စဉ်ဆက်မပြတ် သွား‌ရောက်‌ပေးအပ်နိုင်ခွင့် လိုအပ်ကြောင်း ဒိန်းမတ်သံရုံးနဲ့ WFP တို့က ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
ကယားပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက မနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
ဒိန်းမတ်သံရုံးနဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ဟာ ကယားပြည်နယ်က နေရပ်စွန့်ခွာတိုက်ပွဲရှောင် ပြည်သူတွေကို WFP က အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ပေးနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာတွေဆီ အတူသွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
“ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့ ပြန်ချင်နေကြတယ်။ ကျွန်တော်တို့ ဒိန်းမတ်နိုင်ငံအနေနဲ့ WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်ကနေတစ်ဆင့် နေရပ်စွန့်ခွာလာရသူတွေ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီကို ထောက်ပံ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဒိန်းမတ်နိုင်ငံက ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈သန်း) WFPကို ပံ့ပိုးကူညီခဲ့ပါတယ်။
WFP ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ လတ်တ‌လောခိုလှုံနေတဲ့ ကယားပြည်နယ်က နေရပ်စွန့်ခွာပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေပါတယ်။
WFP ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ လူသားချင်းစာနာမှု အကူအညီ အရေးပေါ်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တောင်ကြီးမြို့မှာ ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခုကို ဒီနှစ်အစောပိုင်းက ဖွင့်လှစ်ထားပါတယ်။