တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ၂၀၀ ကျော်ရှိလာ

Photo – WHO
 
တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၁၉ ခု စစ်ဆေးတွေ့ရှိထားတယ်လို့ အီးယူရဲ့ ရောဂါဗေဒဆိုင်ရာ အေဂျင်စီ ထုတ်ပြန်ချက်အရ သိရပြီး အဲဒီပမာဏဟာ ရောဂါအစုလိုက်ဖြစ်တဲ့ အာဖရိကအပြင်ဘက်မှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပါတယ်။
 
ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံကျော် အဓိကအားဖြင့် ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနေပြီး “ဒီရောဂါဟာ အနောက် ဒါမှမဟုတ် ဗဟိုအာဖရိကနဲ့ ကပ်ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေနဲ့ ဆက်စပ်မှုမရှိဘဲ ဥရောပမှာ ကူးစက်မှုကွင်းဆက်တွေကို ပထမဆုံးအကြိမ် တွေ့ရှိတာဖြစ်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဆိုင်ရာ ဥရောပစင်တာက မေလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
 
မေလအစောပိုင်းမှာ မျောက်ကျောက်ရောဂါကို ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗြိတိန်မှာ လက်ရှိ အတည်ပြုလူနာအများဆုံးဖြစ်ပြီး ၇၁ ဦးထိ ရှိလာပါတယ်။ ဒါ့အပြင် စပိန်မှာ ၅၁ ဦး ၊ ပေါ်တူဂီမှာ ၃၇ ဦးနဲ့ ဥရောပအပြင်ဘက်ဖြစ်တဲ့ ကနေဒါမှာ ၁၅ ဦးနဲ့ အမေရိကန်မှာ ၉ ဦးရှိတယ်လို့ သိရပါတယ်။
 
မျောက်ကျောက်ရောဂါဟာ သူ့ရဲ့ ဝမ်းကွဲကျောက်ရောဂါနဲ့ နှိုင်းယှဉ်ပါက ပြင်းထန်မှု ပိုနည်းပြီး အနောက်နဲ့ ဗဟိုအာဖရိကရဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အစုလိုက်ဖြစ်ပွားနေတာပါ။
 
ပိုးကူးစက်ခံရတဲ့ သူတွေရဲ့ အသားအရည်ဟာ အရည်ကြည်ဖုတွေ ပေါက်လာပြီး နောက်ပိုင်းမှာ အနာတွေ ထွက်လာကာ အရေပြားမှာ အဖုအပိမ့် အနီကွက်တွေ ထလာမှာ ဖြစ်ပါတယ်။