မြောက်ကိုရီးယားဟာ မေလ ၂၅ရက်က တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းအပါအဝင် ပဲ့ထိန်းဒုံးကျည်သုံးစင်းထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားကနေ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်း ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပထမဆုံး အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက အခုလို စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတသစ် ယွန်းဆက်ယိုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တွေ့ဆုံခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတိုးချဲ့ဖို့ကို စတင်စူးစမ်းမယ်လို့ ပြောခဲ့ကြတာပါ။
မြို့တော်ပြုံယမ်းအနီးရှိ ဂြိုလ်တုလွှတ်တင်သည့်နေရာက ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်စမ်းသပ်ဖို့ ပြင်ဆင်နေပုံရတယ်လို့ ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်အရာရှိတစ်ဦးက သတိပေးခဲ့ပါတယ်။
ဒီပစ်လွှတ်မှုဟာ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားက သူ့ရဲ့ဒုံးကျည်တွေကို စမ်းသပ်ခဲ့တဲ့ ၁၆ ကြိမ်မြောက်ဖြစ်ပါတယ်။