အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ မေလ၂၄ရက်က မူလတန်းကျောင်းတစ်ကျောင်း စီးနင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး ကလေး ၁၉ ဦးနဲ့ ဆရာနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါဟာ အမေရိကန်မှာ သေနတ်နဲ့ပစ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သလို ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း နိုင်ငံရဲ့အဆိုးရွားဆုံး ကျောင်းတွင်းပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
Salvador Ramos လို့အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် သံသယရှိသူဟာ သူ့အဖွားကို သေနတ်နဲ့ပစ်ပြီးနောက် ထွက်ပြေးခဲ့တာပါ။ အဖွားဖြစ်သူကတော့ အသက်ရှင်တယ်လို့ သိရပါတယ်။
အဲဒီနောက်ဆန်အန်တိုနီယိုမြို့ရဲ့အနောက်ဘက် မိုင် ၈၀ခန့်မှာရှိတဲ့ တက္ကဆက်ပြည်နယ် Robb မူလတန်းကျောင်းအနီးမှာ သူ ထွက်ပြေးလာတဲ့ကား တိုက်မိပြီး သွေးထွက်သံယို ပစ်ခတ်မှု စတင်ခဲ့တာပါ။
“ရိုင်ဖယ်ကိုင်ရင်း ကားပျက်ထဲကနေ ထွက်လာတဲ့ ကျည်ကာဝတ်သေနတ်သမားကို ရဲတွေက တိုက်ခိုက်ဖမ်းဆီးခဲ့တာပါ၊ တရားခံဟာ ကျောင်းထဲကို တစ်ဟုန်ထိုးဝင်ပြီး ပစ်ခတ်ခဲ့တာ” လို့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနရဲ့ တပ်ကြပ်ကြီး Erick Estrada က ပြောပါတယ်။
ရဲတပ်ဖွဲ့က တရားခံကို အသေပစ်ခတ်ဖမ်းဆီးမိပြီး အရာရှိနှစ်ဦး သေနတ်ထိမှန်ခဲ့ပေမယ့် ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ သေနတ်သမားအနေနဲ့ ဘာကြောင့်အခုလိုပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
“ကျောင်းသူကျောင်းသားတွေက ဒုတိယတန်း၊ တတိယတန်းနဲ့ စတုတ္ထတန်းတတ်နေတဲ့ ကလေးတွေပါ၊ ကလေးတွေရဲ့ အသက်က ၇နှစ် ကနေ ၁၀ နှစ်ကြားမှာ ရှိနိုင်တယ်” လို့ ရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဖြစ်ရပ်နဲ့ပတ်သတ်လို့ ဝမ်းနည်းကြောင်းဆိုထားပြီး “အမေရိကန်တွေဟာ သေနတ်ထားတဲ့နေရာကို အစစ်အဆေးခံနိုင်ရမယ်၊ သင့်တင့်တဲ့ သေနတ်ဥပဒေတွေကို အတည်ပြုဖို့ ကွန်ဂရက်အဖွဲ့ဝင်တွေကို ဖိအားပေးရမယ် “လို့ ပြောခဲ့ပါတယ်။