စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် သည်းမခံဖို့ Quad အင်အားကြီး ၄ နိုင်ငံကို NUG တောင်းဆို

အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် သည်းမခံဖို့ Quad အင်အားကြီးလေးနိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။
ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့က မေ ၂၃ နဲ့ ၂၄ ရက်မှာ ဂျပန်နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာအစည်းအဝေး ပြုလုပ်နေစဉ် အမျိုးသားညီညွတ်ရေးအစိုးရက မေလ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ကာ အဲဒီလိုတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့၊နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ဖို့၊ စစ်အုပ်စုက လူသတ်မှုတွေ ကျူးလွန်နိုင်အောင် ပံ့ပိုးပေးနေတဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်လောင်စာများ ရောင်းချမှုက Quad အဖွဲ့ဝင်အင်အားကြီး ၄ နိုင်ငံအနေနဲ့ အခွင့်အာဏာကို အသုံးချပြီး ကန့်သတ်ပေးဖို့နဲ့စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုကနေလွတ်ကင်းပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် မြန်မာပြည်သူတို့ လက်ဝယ်တည်ရှိနိုင်ဖို့တို့ကို တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပိုက်ချိန်ကစလို့ အပြစ်မဲ့ပြည်သူပေါင်း ၆ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရလို့ လက်ရှိ မြန်မာပြည်သူတွေအရေးဟာ ကမ္ဘာ့အရေးတစ်ခုဖြစ်နေပြီလို့ လည်း ဆိုထားပါတယ်။
လက်ရှိမြန်မာ့အရေးအတွက် Quad အင်အားကြီးလေးနိုင်ငံက formal working group တစ်ခု အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။