Starbucks ကော်ဖီကုမ္ပဏီဟာ ရုရှားနိုင်ငံအတွက် သူ့ရဲ့ထုတ်ကုန် တင်ပို့ရောင်းချတာတွေကို မတ်လမှာ ရပ်တန့်ခဲ့ပါတယ်။ “အခုထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ၊ ရုရှားစျေးကွက်ထဲမှာ Starbucks အမှတ်တံဆိပ်မရှိတော့ပါဘူး” လို့ Starbucks က မေလ ၂၃ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၀ လောက်ရှိတဲ့Starbucks ဝန်ထမ်းတွေဟာ နောက်ထပ် ခြောက်လအတွက် လစာရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Starbucks ဟာ ကုမ္ပဏီပြင်ပမှာ အလုပ်သစ်ရှာဖွေဖို့ ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Starbucks ကို ရုရှားနိုင်ငံမှာ ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုနှစ် မတ်လအထိ ရုရှားနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၃၀ ရှိပြီး အားလုံးကို ပါတနာတစ်ဦးတည်းက ပိုင်ဆိုင်တာပါ။
ပြီးခဲ့တဲ့အပတ်က ရုရှားမှာ နှစ် ၃၀ ကျော်လည်ပတ်လုပ်ကိုင်ခဲ့တဲ့ McDonald’s ဟာလည်း ရုရှားဘာဂါဆိုင်ခွဲ တွေကို ရောင်းချခဲ့ပါတယ်။
Starbucks နဲ့ McDonald’s တို့ဟာ မတ်လအတွင်းတစ်ချိန်တည်းမှာ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
“ရုရှားက ယူကရိန်းအပေါ် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေကို ရှုတ်ချပါတယ်၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေက ထိခိုက်ဒဏ်ရာရသူအားလုံးနဲ့ အတူရှိနေပါတယ်” လို့ Starbucks စီအီးအို Kevin Johnson က ပြောပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ မခန့်မှန်းနိုင်တဲ့ လည်ပတ်မှုအခြေအနေတွေကြောင့် ရုရှားမှာ ဆက်လက်လုပ်ကိုင်ခွင့်မရှိတော့လို့ McDonald’s ကုမ္ပဏီကလည်း ပြောခဲ့ပါတယ်။