သတိပြုရမယ့် စစ်ကောင်စီရဲ့ ဘာသာရေးမှိုင်း

နိုင်ငံ့အာဏာကို မတရားတဲ့နည်းနဲ့ ရယူဖို့ကြိုးစားတာ နှစ်နှစ်ကျော်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေက လျော့ကျမသွားဘဲ ပိုလို့သာ မြင့်တက်လာနေဆဲပါ။ ဒီလိုမြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီအနေနဲ့ သူ့အတွက် ထွက်ပေါက်ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းမှန်သမျှကို အသုံးပြုဖို့ ကြိုးစားနေတာလည်း တွေ့ရမှာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နှိမ်နင်းမှုတွေကို တိုးပြီးလုပ်ဆောင်လာသလို တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ဗန်းပြတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေဟာ စစ်ကောင်စီရဲ့ ထွက်ပေါက်ရှာတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ လူထုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား သွေးကွဲစေဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒီနည်းလမ်းတွေအားလုံးထဲ မပါမဖြစ်တခုကတော့ စစ်အာဏာရှင်တွေရဲ့ သည်းခြေကြိုက် ဘာသာရေး၊ လူမျိုးရေး ဝါဒမှိုင်းတိုက်တာပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအပေါ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် တလျှောက်လုံး မဟုတ်မမှန် ဘာသာရေး၊ လူမျိုးရေးစွပ်စွဲမှုတွေနဲ့ ပုတ်ခတ်ခဲ့တာ အားလုံးအသိပါ။

လက်ရှိ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ လူထုရဲ့ ယုံကြည်ထောက်ခံမှုတွေကိုလည်း ဘာသာရေး၊ လူမျိုးရေး ဝါဒမှိုင်းနဲ့ သွေးထိုးဖြိုခွဲဖို့ ကြိုးစားနေပြန်ပါပြီ။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ရဟန်းသံဃာတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲတိုက်ခိုက်ပါတယ်။

စစ်ကောင်စီရဲ့ မေ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ အဲ့ဒီလိုပြောတာပါ။ ဒီမတိုင်ခင်ကတည်းကလည်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာ စာမျက်နှာတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သံဃာတွေကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဝေဝေဆာဆာ ဖော်ပြတာမျိုး တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ ဘုရားစေတီတွေကို အကာအကွယ်ယူ တိုက်ခိုက်တာ၊ စေတီရင်ပြင်တော်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို pdf တွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေသယောင် စွပ်စွဲထားပါတယ်။

အထူးသဖြင့် မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ သံဃာတွေအများဆုံး သတ်ဖြတ်ခံနေရပြီး အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နောက်ကွယ်က KIA နဲ့ CNF တို့လို တိုင်းရင်းသားတပ်ဖွဲ့တွေရှိနေတဲ့ အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အထူးပြုပြောဆိုပါတယ်။

ဒီအကြောင်းအရာတွေကို သတင်းစာရှင်းလင်းပွဲမှာ မဖြစ်မနေထည့်သွင်းပြောဖို့ ကြိုတင်ပြင်ဆင်လာတာ တွေ့ရတာကြောင့်လည်း စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးအပေါ် ဘာသာရေးမှိုင်းနဲ့ ထိုးနှက်တိုက်ခိုက်နေတာ ထင်ရှားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အကာအကွယ်ပေးရပါလိမ့်မယ်။ လူအများစု ကိုးကွယ်ရာ ဘာသာတရားကို တိုက်ရိုက်ထိပါးလာတာမျိုးဖြစ်ပါတယ်လို့လည်း သူကအသံကောင်းဟစ်ပါသေးတယ်။

သတိပြုရမှာကတော့ စစ်ကိုင်းနဲ့ မကွေးဒေသတွေဟာ စစ်တပ်အပေါ် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး တွန်းလှန်တိုက်ခိုက်ခံနေရတဲ့ဒေသတွေဖြစ်ပါတယ်။ အဲ့ဒီတွန်းလှန်မှုကို နှိမ်နင်းဖို့ စစ်ကောင်စီက အမည်အမျိုးမျိုးနဲ့ စစ်ဆင်ရေးတွေ အကြိမ်ကြိမ်လုပ်ဆောင်ပေမယ့်လည်း ဖြိုခွဲနိုင်ခြင်းမရှိသေးတာကြောင့် ဘာသာရေးမှိုင်းနဲ့ပါ ဆွဲထည့်ဖို့ ကြိုးစားလာတယ်ဆိုတာ တွေးကြည့်ရင် သိသာပါတယ်။

ဒါ့အပြင် သံဃာတွေ သတ်ဖြတ်ခံရတာ၊ စေတီပုထိုး ဘုရားကျောင်းကန်တွေနဲ့ ပတ်သက်လို့ PDF တွေကို အပြစ်ဖို့ပြနေတဲ့ စစ်ကောင်စီဟာ သူ့ရဲ့လက်အောက်ခံ တပ်တွေကိုတော့ တားမြစ်ဖို့ မေ့လျော့နေပုံရပါတယ်။

စစ်ကိုင်းနဲ့ မကွေးမှာသာမက နိုင်ငံ့တဝန်းမှာ စစ်ကောင်စီလက်ပါးစေ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦတွေအပြင် တခြားဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံတွေ ပြာပုံအတိဖြစ်ကုန်တဲ့ သတင်းတွေက နေ့စဉ်နဲ့အမျှ ရေတွက်လို့ မရနိုင်အောင်ရှိနေတာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားစေတီတွေ၊ ချာ့ချ်ကျောင်းတွေမှာ တပ်စွဲတာ၊ ကျေးရွာတွေ၊ မြို့တွေကို မီးရှို့ဖျက်ဆီး၊ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်း၊ စေတီတွေပါမကျန် အခြားဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးတာစတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အများဆုံး လုပ်ပြနေတာက ဘာသာသာသနာကို ကာကွယ်မယ်ဆိုတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဝင်တွေပါပဲ။

သံဃာတော်တွေနဲ့ ပတ်သက်လာရင်လည်း နွေဦးတော်လှန်ရေး အစောပိုင်းကာလကနေ အခုအချိန်အထိ သပိတ်မှာပါလို့၊ PDF နဲ့ဆက်သွယ်လို့၊ထောက်ပံ့လို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ အကြမ်းဖက် ဖမ်းဆီးခံရ၊ အကျဉ်းချခံရတာကနေ သတ်ဖြတ်တာအထိ စစ်ကောင်စီလက်ပါးစေတွေက ကျူးလွန်းခဲ့ ကျူးလွန်ကြဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ကြီးကတော့ သံဃာတော်များနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာ နှောင့်ယှက်တာ ကိုယ်ထိလက်ရောက် စော်ကားတာတွေရှိရင် သတင်းပေးကြဖို့နဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ ဆိုပြန်ပါတယ်။

ဒီလို အပြောတခြား အလုပ်တမျိုးဖြစ်နေတာကို ကြည့်လိုက်ရင်ပဲ စစ်အင်အားနဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကို မရပ်တန့်နိုင်တော့တဲ့ စစ်ကောင်စီဟာ ဘာသာရေးမှိုင်းနဲ့ သွေးခွဲလို့ရလေမလားလို့ မျှော်လင့်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။

ဒါကြောင့်ပဲ နွေဦးတော်လှန်ရေးမှာ လူထုနဲ့အတူ ပါဝင်ရပ်တည်နေတဲ့ သံဃာတော်တွေကလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဘာသာရေးအသုံးချမှုကို သတိပြုဖို့ သတိပေးထားကြပါတယ်။

နိုင်ငံရေး အကျပ်အတည်းထဲရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ဘာသာရေးကို အသုံးချ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးဖို့၊ တိုင်းရင်းသားတွေနဲ့ ဗမာပြည်သူတွေကြား သွေးခွဲဖို့ ကြိုးစားနေတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ထွက်ပေါက်ရှာတဲ့အနေနဲ့ လူထုအပေါ် အရက်စက်ဆုံး နည်းလမ်းတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို တဖက်မှာတော့ သာသနာပြုနေသယောင်လုပ်ပြပြီး ဘာသာရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို အသုံးချနေတယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ထောက်ပြထားပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြင်သာတာကတော့ လူထုအာဏာကို လုယူအုပ်စိုးချင်နေတဲ့ စစ်ကောင်စီအဖို့ အချိန်ကြာလာတာနဲ့အမျှ ထွက်ပေါက်က ကျဉ်းသထက် ကျဉ်းမြောင်းလာနေပြီဆိုတာပါ။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ကဏ္ဍအသီးသီးမှာ အခြေမလှဖြစ်လာတာနဲ့အမျှ လူထုရဲ့ နွေဦးတော်လှန်ရေးအပေါ် သေးသိမ်မှေးမှိန်သွားအောင် မှိုင်းတိုက်သွေးခွဲဖို့ ကြံစည်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ဘဝတွေ အသက်တွေနဲ့ရင်းပြီး အာဏာလုစစ်ကောင်စီနဲ့ မတရားတဲ့ အာဏာရှင်တွေကို အလိုမရှိကြောင်း ကြံ့ကြံ့ခံရပ်တည်ပြနေတဲ့ လူထုအဖို့တော့ ဒီလိုကောက်ကျစ်တဲ့ အကြံဆိုးတွေကို နားယောင်ကြမှာ မဟုတ်တော့ အသေအချာပါ။