အီရန်နိုင်ငံမှာ အထပ်မြင့်တိုက်ပြိုကျပြီး လူ ၈၀ ကျော် ပိတ်မိ၊ အနည်းဆုံး လူငါးဦး သေဆုံး

Photo – AP
မေလ ၂၃ ရက်က အီရန်နိုင်ငံ ကူဇက်စတန်ပြည်နယ် အနောက်တောင်ဘက် အဘာဒန်မြို့မှာ ၁၀ ထပ်အဆောက်အဦ ပြိုကျခဲ့ပါတယ်၊ ကနဦးသတင်းအရ အနည်းဆုံး လူငါးဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်ကယ်ဆယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ လူ ၈၀ ထက်မနည်း ပိတ်မိနေသေးပြီး အနီးရှိအဆောက်အဦတွေကလည်း ခိုင်မာတဲ့အခြေအနေမရှိဘဲ ပြိုကျနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းကမျှဝေထားတဲ့ ဗီဒီယိုတွေနဲ့ဓာတ်ပုံတွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ အဆောက်အအုံတစ်ခုက အုတ်ကျိုးအုတ်ပဲ့တွေနဲ့ အပျက်အစီးအစအနတွေ ဖယ်ရှားရှင်းလင်းနေကြတာတွေ့ရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေဆက်လက် လုပ်ဆောင်နေချိန်မှာ ရဟတ်ယာဉ်တစ်စင်း၊ ကယ်ဆယ်ရေးယာဉ် ၇ စီး၊ ကယ်ဆယ်ရေး အဖွဲ့ ၁၂ ဖွဲ့နဲ့ အနံ့ခံခွေးတွေကို စေလွှတ်ထားပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေက အဆောက်အဦးပိုင်ရှင်နဲ့ကန်ထရိုက်တာနှစ်ဦးစလုံးကို ဖမ်းဆီးထားတယ်လို့ အီရန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပြိုကျရတဲ့ အကြောင်းရင်းကို မသိရသေးပဲ စုံစမ်းစစ်ဆေးနေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။