စစ်ကိုင်းကနေ မုံရွာကိုထွက်ခွာလာတဲ့ စစ်အုပ်စုယာဉ်တန်း ၃ကြိမ် မိုင်းထိ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၁၆စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ များပြားနိုင်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည် ၁၁နာရီကျော်လောက်မှာ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာအကြားမှာ ပထမအကြိမ် ပဒေသမိုင်း ၃လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈စီးမြောက်ကား ထိမှန်ခဲ့ပြီး နေ့လည် ၁၁နာရီခွဲလောက်မှာ ဘိုးမင်းကြီးကင်းကျေးရွာနဲ့ ဂွေးပင်တောကျေးရွာအကြားမှာ ဒုတိယအကြိမ် ပဒေသာမိုင်း ၄လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၅စီးမြောက်ကားကို ထိမှန်ခဲ့ပါတယ်။
နေ့လည် ၁၂နာရီ ၅မိနစ်ခန့်မှာ ဝမ်းပြည့်ကျေးရွာနဲ့ မြင်းမူမြို့ကြားမှာ ပဒေသာမိုင်း ၃လုံး တစ်ဖက်ပွင့်ပြောင်း ၂လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာမှာ ၁၃စီးမြောက်ကား ထပ်မံထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF ၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ Myinmu Civil Revolution Force-CRF(Myinmu) ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOMတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ သေဆုံးဒဏ်ရာရ စာရင်းကိုတော့ သီးခြား အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။