အမေရိကန်နဲ့ တောင်ကိုရီးယားသမ္မတတို့ အနေနဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူရေး ငွေပင်ငွေရင်းဖြစ်နေတဲ့ MOGE ကို ပိတ်ဆို့အရေးယူမှု အမြန်ဆုံးပြုလုပ်ဖို့ Blood Money က တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက လက်နက်ဝယ်နေနိုင်တာဟာ တောင်ကိုရီးယားက POSCO ရဲ့ ရွှေစီမံကိန်း၊ အမေရိကန်က Chevron ရဲ့ ရတနာစီမံကိန်းကနေ တရားမဝင် စစ်အုပ်စုဆီ ငွေကြေးတွေ ဆက်လက်လွှဲပေးနေလို့ဖြစ်ကြာင်းဆိုပါတယ်။
‘သမ္မတ နှစ်ဦးစလုံး MOGE ကို ဒဏ်ခတ်ပိတ်ဆို့လို့ရပါလျက် ဘာကြောင့် အချိန်ဆွဲနေရတာပါလဲ။ အခုချိန်ထိ အမေရိကန် အစိုးရက Sanction MOGE အကြောင်း ၊ Chevron အကြောင်း မပြောသေးသလို တောင်ကိုရီးယားကလည်း POSCO အကြောင်း မပြောနေသေးပါဘူး။ မြန်မာပြည်သူတွေကိုပံ့ပိုးမယ်၊ ဒီမိုကရေစီအရေး လှုပ်ရှားနေမှု ပံ့ပို့မယ်ဆိုရင် စကားလုံးတွေထက် စစ်အုပ်စုကို ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီး လက်နက်ဝယ် ငွေလမ်းကြောင်းတွေကိုဖြတ်တောက်ပစ်ဖို့ လိုအပ်ပါတယ်’ လို့ Blood Money ကဆိုပါတယ်။
အမေရိကန် ရေနံကုမ္ပဏီ Chevron နဲ့ တောင်ကိုရီးယား ရေနံကုမ္ပဏီ POSCO တို့အနေနဲ့ စစ်အုပ်စုနဲ့ ဆက်လက်ပတ်သက်နေတာ၊ စစ်ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့နေတာကို အမြန်ဆုံးရပ်တန့်ပါလို့လည်း Blood Money ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုးတို့ရဲ့ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအပြီး မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့လည်း နိုင်ငံတကာကို တောင်းဆိုတာလည်း ပါဝင်ပါတယ်။